ကွမ်းခြံကုန်းတွင် အုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိလက်နက်ကိုင်နှစ်ဦးကသေနတ်များဖြင့် ပစ်သတ်

0
161

ကွမ်းခြံကုန်းတွင် အုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိလက်နက်ကိုင်နှစ်ဦးကသေနတ်များဖြင့် ပစ်သတ်

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်တော်ကူးကျေးရွာအုပ်ချုပ်ရေးမှူးကို အမည်မသိနှစ်ဦးက ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်) ည ၈ နာရီအချိန်ခန့်တွင် မောင်းပြန်သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရသည်။

” သေနတ်သမားနှစ်ဦးက အုပ်ကြီးကို လာပစ်သွားတာပါ။ သေနတ်သံတော့ ၁၀ ချက်ကျော်ကျော်ကြားလိုက်ရတယ်၊ မိသားစုကိုဘာမှ မလုပ်သွားဘူး၊ အုပ်ကြီးတစ်ယောက်ထဲပဲ” ဟု ကျေးရွာနေသူတစ်ဦးက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးအောင်သည် နေအိမ်ရှေ့ထိုင်ခုံတွင် ထိုင်နေစဉ်ပရိုဘောက်စ်ကားတစ်စီးဖြင့် လူငယ်နှစ်ဦးရောက်ရှိလာပြီး မောင်းပြန်သေနတ်နှစ်လက်ဖြင့် အတွဲလိုက်ပစ်ခတ်ခဲ့မှုကြောင့် ကျည်ထိမှန်ဒဏ်ရာ ၅ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကာ ပစ်ခတ်မှုဖြစ်သည့်နေရာမှ ၅.၅၆ ကျည်ခွံ ၃၅ ခွံနှင့် AK47 ကျည်ခွံ ၁၁ ခွံတွေ့ရကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့၀င်များက ပြစ်မှုကျူးလွန်သူများကို ဖမ်း‌ဆီးရမိရေးအတွက် ကွမ်းခြံကုန်း၊တွံ့တေး၊ အင်းစိန်၊ လှိုင်သာယာ၊ ဒလ၊ မြို့ထွက်များနှင့် လမ်းဆုံးလမ်းခွ ဂိတ်များတွင် လုံခြုံရေးတင်းကျပ်စွာစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here