ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်စေရန် ဆက်လက်ပံ့ပို့းပေးသွားမည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌပြော

0
256

ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်စေရန် ဆက်လက်ပံ့ပို့းပေးသွားမည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌပြော

ပြည်တွင်း၌ ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်‌စေရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဌာနများနှင့် ဗဟိုဘဏ်တို့က ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

စက်တင်ဘာလ (၁၄) ရက် မွန်းလွဲပိုင်းက နေပြည်တော်တွ င်ပြုလုပ်သည့် ရွှေနှင့်ငွေကြေး ဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းကလည်း သတ္ထုတွင်းဝန်ကြီးဌာနက ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေး နှုန်းမြင့်တက်နေမှုကို ထိန်းညှိရန် ရွှေဒင်္ဂါးများထုတ်ရောင်းပေးသည့်အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး အဆိုပါ လုပ်ဆောင်ချက်က ပြည်တွင်းရွှေဈေးကွက်အတွင်း မတည်မငြိမ်ဖြစ်နေသည့် ရွှေဈေးနှုန်းကိုတ​ဖြေး​ဖြေး ထိန်းညှိနိုင်ခဲ့သည့်အခြေအနေဖြစ်သည်။

ထို့အပြင် ရွှေလုပ်ငန်းရှင်များအနေဖြင့်လည်း အစိုးရနှင့် ပူးပေါင်းကာ ရွှေဈေးနှုန်းတည်ငြိမ်စေရေး ဝိုင်းဝန်းလုပ် ဆောင်ကြရန်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တိုက်တွန်းခဲ့သည်။

ထို့အတူ ရွှေတုံး ရွှေခဲ ရောင်းချမှုတွင်လည်း ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ကြရန်ဖြစ်ပြီး သက်ဆိုင်ရာဘဏ်များက ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

မြန်မာ့ရွှေဈေးကွက်တွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းအထိ စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေဈေးနှုန်းများအရ အခေါက်ရွှေ တစ်ကျပ်သားလျင် (၃၇) သိန်းအထိ ဈေး နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြည်တွင်း နိုင်ငံခြားငွေ ဈေးကွက်အတွင်း၌ လည်း အမေရိကန်တစ်ဒေါ်လာ ငွေလဲနှုန်းမှာ မြန်မာငွေ ၄၅၀၀ ကျပ်အထိ စံချိန်မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ စံချိန်တင် မြင့်တက်နေသည့် ရွှေဈေးနှင့် ငွေဈေး နှုန်းတို့ကို ဆွဲချနိုင်ရန် အစိုးရနှင့် ဗဟိုဘဏ်က လုပ်ဆောင်ခဲ့ရာတွင် ပြည်တွင်းမှ စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းသူများအား ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ချေးပေးခဲ့ခြင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။

ယင်းသို့ ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးမှု ပြုလုပ်ခဲ့သည့်နောက်ပိုင်း ပြည်တွင်းဈေးကွက်အတွင်း၌ ရွှေဈေး သိန်း (၃၀) အောက်ပြန်ကျဆင်းခဲ့သည့်အပြင် ဒေါ်လာငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာ ၃၂၀၀ ဝန်းကျင်အထိ ကျင်ဆင်းသွားခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here