ပခုက္ကူတွင် ကျောင်းထိုင်ဆရာတော်အား သတ်၍ ကျောင်းကားကို လုယူမှုဖြစ်ပွား

0
259

ပခုက္ကူတွင် ကျောင်းထိုင်ဆရာတော်အား သတ်၍ ကျောင်းကားကို လုယူမှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ ပစ္ဆိမာရုံဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်အား သတ်၍ ကျောင်းကားကို ကားလုယူမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာရှိ ပစ္ဆိမာရုံဘုန်းကြီးကျောင်းဝင်းအတွင်းသို့ အမည်မသိလက်နက်ကိုင် ၂၀ ဦး ခန့်သည် အနက်ရောင်မှန်လုံမော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ် ၃ စီး တို့ဖြင့် ဝင်ရောက်လာပြီး ဆွမ်းစားဆောင်ပေါ်၌ နေ့ဆွမ်းပြင်ဆင်နေသည့် ကိုရင်ကြီးတစ်ပါးနှင့် ကိုရင် ၂ ပါးတို့အား ဆွမ်းဝိုင်းဘေး၌ ထိုင်ခိုင်းကာ ရေချိုးနေသည့် ကျောင်းထိုင်ဆရာတော် ဦးတေဇောဘာသ (၄၈)နှစ် ၂၈ ဝါ (ခမည်းတော်) ဦးဘညိမ်းအား ဆွမ်းစားဆောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်လာပြီး ဆရာတော်အား ခြိမ်းခြောက်အကျပ်ကိုင်၍ လူဝတ်လဲခိုင်းခဲ့ရာ ဆရာတော်မှ လူဝတ်မလဲလိုကြောင်း ပြန်လည်ပြောဆိုစဉ် လက်နက်ကိုင်များက ဆရာတော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ကျောင်းဝင်းအတွင်း ရပ်တန့်ထားရှိသည့် ဘုန်းကြီးကျောင်းပိုင် ၅ဃ/၁၁၂၅ နံပါတ်တပ်ဆင်ထားသည့် Hilux ခဲရောင်မော်တော်ယာဉ်တစ်စီးအား လုယက်ယူဆောင်၍ ကန်တော်လေး-ဘုန်းကံကျေးရွာလမ်းအတိုင်း မြိုင်မြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ထိုသို့သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့် ဆရာတော် ဦးတေဇောဘာသ တွင် ဦးခေါင်းနောက်စေ့ပွင့်ထွက်ဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာတစ်ချက်နှင့် ရင်ဘက် ပေါက်ပြဲဒဏ်ရာ ၂ ချက်တို့ဖြင့် ဆွမ်းစားဆောင်ပေါ်၌ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အမည်မသိလက်နက်ကိုင်များ၏ အကြောင်းမဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သံဃာတော် ၅၄ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီးဖြစ်‌သည်ဟု သိရသည်။

အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သတ်ပြီး ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here