တရုတ်သို့သွယ်မည့်ပိုက်လိုင်းသည် Nord Stream 2 ကို အစားထိုးနိုင်လိမ့်မည်ဟုရုရှားဆို

0
209

တရုတ်သို့သွယ်မည့်ပိုက်လိုင်းသည် Nord Stream 2 ကို အစားထိုးနိုင်လိမ့်မည်ဟုရုရှားဆို

ဆမာကမ်ထ်၊စက်တင်ဘာ ၁၆

တရုတ်နိုင်ငံသို့သွယ်တန်းဖောက်လုပ်မည့် ရုရှား၏ပိုက်လိုင်းသည် ယခင်ကဥရောပသို့တင်သွင်းနေရာမှ ယူကရိန်းပဋိပက္ခကြောင့် တင်သွင်းမှုရပ်ဆိုင်းထားသည့် Nord Stream 2 ပိုက်လိုင်းနေရာတွင် အစားဝင်လိမ့်မည်ဖြစ်ကြောင်း မော်စကို၏စွမ်းအင်ဝန်ကြီး Alexander Novak က စက်တင်ဘာ ၁၅ ရက် ကြာသပတေးနေ့ကပြောကြားခဲ့သည်။

ရုရှားရုပ်မြင်သံကြားလိုင်း Rossiya – 1 နှင့် အင်တာဗျူးတွင် ရုရှားအနေဖြင့် European Nord Stream 2 ကို Asian Force Siberia 2 ဖြင့် အစားထိုးမည်လားဟုမေးမြန်းရာ၌ မစ္စတာ Novak က “ဟုတ်ပါတယ်” ဟုပြန်လည်ဖြေကြားခဲ့သည်။

ဥဇဘက်ကစ္စတန်ခရီးစဉ်ပြင်ပ အစောပိုင်းအချိန်ကလည်း ရုရှားနှင့်တရုတ်တို့သည် နောက်ထပ်ဆောက်လုပ်မည့် ဆိုက်ဘေးရီးယားရှိ Force 2 ပိုက်လိုင်းမှတစ်ဆင့် တစ်နှစ်လျှင် “ဓာတ်ငွေ့ကုဗမီတာ ၅၀ ဘီလီယံ” ပေးပို့ခြင်းဆိုင်ရာ သဘောတူညီချက်များကို မကြာမီလက်မှတ်ရေးထိုးမည်ဟု ဝန်ကြီးကပြောကြားခဲ့သည်။

အဆိုပါပမာဏသည် စက်တင်ဘာ ၂ ကတည်းကပိတ်ထားသည့် Nord Stream 1 ၏ စုစုပေါင်းအမြင့်ဆုံးစွမ်းရည်ဖြစ်သော ၅၅ ဘီလီယံကုဗမီတာ ကိုကိုယ်စားပြုနိုင်သည် ဟုဖော်ပြထားသည်။ဥရောပသမဂ္ဂထံ ရုရှားဓာတ်ငွေ့ထောက်ပံ့မှု၏ သုံးပုံတစ်ပုံသည်ရုရှားမှဂျာမဏီသို့သွယ်တန်းထားသော မဟာဗျူဟာမြောက်ပိုက်လိုင်းမှတစ်ဆင့် တင်သွင်းခြင်းဖြစ်သည်။

Force Siberia 2 သည် မွန်ဂိုလီးယားမှတစ်ဆင့် တရုတ်နိုင်ငံ၏ စွမ်းအင်နှင့်မကင်း‌ေသာစီးပွားရေးကို တွန်းအားပေးအားမည်ဟုဆိုသည်။အဆိုပါ Force Siberia 2 ပိုက်လိုင်းဆောက်လုပ်မှုကို ၂၀၂၄ ခုနှစ်တွင်စတင်မည်ဟုဆိုသည်။

ထို့ကြောင့်၎င်းသည် ဖေဖော်ဝါရီလနှောင်းပိုင်းက ယူကရိန်းသို့ရုရှား၏ကျူးကျော်မှုကြောင့် အနောက်အုပ်စုမှဝယ်ယူမှုရပ်တန့်လိုက်ပြီး ဂျာမဏီသို့ကာလရှည်ကြာအဓိကတင်ပို့သည့် Nord Stream 2 ပရောဂျက်ကိုအစားထိုးနိုင်မည်ဖြစ်သည်။

“အီးယူသို့ရုရှားဓာတ်ငွေ့တင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် ကုဗမီတာ ၅၀ ဘီလီယံခန့်ကျဆင်းသွားနိုင်သည်” ဟု မစ္စတာ Novak ကပြောကြားခဲ့သည်။တစ်ချိန်တည်းမှာပင် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ Chaiandina မှ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းသို့ဆက်သွယ်ပေးထားသည့် Force of Siberia 1 ဓာတ်ငွေ့ပိုက်လိုင်း၏ အော်ပရေတာဖြစ်သည့် Gazprom သည် နှစ်စဉ်ဓာတ်ငွေ့ကုဗမီတာ ၂၀ ဘီလီယံသို့ရောက်ရှိနိုင်ရန် ၎င်း၏ပေးပို့မှုများကိုတိုးမြှင့်လိမ့်မည်ဟုလည်း ရုရှားဝန်ကြီးကပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အစောပိုင်းတွင် Lake Baikal အနီးရှိ Kovytka လုပ်ကွက်အား ယခုလုပ်ဆောင်မည့်ပိုက်လိုင်းနှင့်ချိတ်ဆက်ခြင်းကလည်း တိုးမြှင့်မှုအောင်မြင်ရန်အထောက်အကူဖြစ်စေမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်တွင်၎င်း၏အမြင့်ဆုံးစွမ်းဆောင်ရည်သို့ရောက်ရှိသောအခါ ပိုက်လိုင်းသည်တစ်နှစ်လျှင်ဓာတ်ငွေ့ကုဗမီတာ ၆၁ ဘီလီယံထုတ်လုပ်နိုင်မည်ဖြစ်ပြီး Nord Stream 1 ထက်ပိုများမည်ဖြစ်သည်။၎င်းပမာဏအနက် Gazprom နှင့်တရုတ်နိုင်ငံပိုင် CNPC တို့ချုပ်ဆိုထားသော ၂၀၁၄ ခုနှစ်စာချုပ်အရ တရုတ်နိုင်ငံသို့ ကုဗမီတာ ၃၈ ဘီလီယံပေးပို့သွားမည်ဟုဆိုသည်။

ရုရှားနိုင်ငံအရှေ့ဘက်စွန်းရှိ ဗလာဒီဗိုစတော့ခ် မှတရုတ်နိုင်ငံမြောက်ပိုင်းသို့ ဓာတ်ငွေ့ကုဗမီတာ ၁၀ ဘီလီယံကိုပိုမိုသယ်ဆောင်နိုင်မည့် လမ်းကြောင်းသစ်တည်ဆောက်ရန် နှစ်ဖက်သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာနက ကြာသပတေးနေ့ကပြောကြားခဲ့သည်။

Source –AFP/fh


LEAVE A REPLY

Please enter your comment!
Please enter your name here