လှိုင်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
90

လှိုင်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၏ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရာအိမ်မှူးဦးအောင်စိုးသည် စက်တင်ဘာ ၁၇ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီခွဲကျော်ခန့်က ၁၃ ရပ်ကွက်ရှိ ရတနာလမ်းတွင် အမည်မသိအမျိုးသားများက ရာအိမ်မှူးဦးအောင်စိုးအား သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံခဲ့ရသဖြင့် ရာအိမ်မှူးဦးအောင်စိုးသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား လူနာတင်ကားဖြင့်တင်ဆောင်သွားခဲ့ကြကြောင်း သိရသည်။

“လမ်းလျှောက်လာတဲ့အချိန် အနောက်ကနေဝင်ပစ်သွားတာလို့ သိထားတယ် ပွဲချင်းပြီးသေသွားတယ် စစ်သားတွေ ရဲတွေအများကြီးရောက်လာပြီး စစ်ဆေးသွားကြတယ်”ဟုလှိုင်မြို့နယ်နေသူတစ်ဦးကပြောသည်။

အခင်းဖြစ်ပွားသည့်နေရာအား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေး၍ ပြစ်မှုကျူးလွန်သူ များအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရာအိမ်မှူးဦးအောင်စိုးအား မည်သည့်အဖွဲ့အစည်းမှ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ် သည်ကို မသိရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here