ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာ၍ ရွှေလီမြို့ကို Lock Down ပြန်ချ

0
246

ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာ၍ ရွှေလီမြို့ကို Lock Down ပြန်ချ

တရုတ် – မြန်မာနယ်စပ် ရွှေလီမြို့တွင် ကိုဗစ်ရောဂါပိုး ကူးစက်မှု ပြန်လည်မြင့်တက်လာသည့်အတွက် စက်တင် ဘာလ (၁၆) ရက်ညပိုင်းက စတင်ပြီး Lock Down ချလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ရပ်ကွက်အချို့ကို အဝင်အထွက်များ ကန့်သတ်ခဲ့ခြင်း ဖြစ်ပြီး ရွှေလီမြို့တစ်မြို့လုံးကို စက်တင်ဘာလ (၁၆) ရက် ည (၁၂) နာရီတွင် စတင်၍ Lock Down ချခဲ့ခြင်းဖြစ်ကြောင်း ‌ရွှေလီမြို့မှ မြန်မာအသိုင်းအဝိုင်းထံက သိရသည်။


” မနေ့ညက စတာ။ ဘာဆက်ဖြစ်ဦးမလဲတော့ မသိဘူး။ ပစ္စည်းပြဖို့တွေ ၊ ထပ်ရောက်ဖို့တွေ အကုန်ခက်ပြီ” ဟု ရွှေလီမြို့တွင် ရောက်ရှိကာ ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

လတ်တလောတွင် Lock Down ကာလကို (၅) ရက် သတ် မှတ်ထားပြီး ရောဂါကူးစက်မှု အခြေအနေကို စောင့်ကြည့်ကာ ထပ်တိုးမတိုး သိရမည်ဟု ၎င်းကပြောသည်။


လက်ရှိတွင် Lock Down ဧရိယာကို ရွှေလီမြို့ အရှေ့ဘက်အမြန်လမ်းမကြီးလမ်းဆုံ မန်လန်ရွာ၊ အရှေ့ဘက် ရင်းမိန်ရွာ၊ ပန့်ပုံရွာ၊ ရွှေလီမြစ်ကမ်းတလျှောက်ရှိ ကျယ်ခေါင်၊ ကော်မိန်၊ လုံလင်- တာတောက် လမ်းမကြီး၊ Heha ရွာ ၊ မြောက်ဘက်အဝေးပြေးလမ်းမကြီးအထိပါဝင်ကြောင်း သိရသည်။

ထို့အပြင် ရွှေလီမြို့တွင်းရှိ နေရာ ၃၅ နေရာကိုလည်း အသွားအလာ ကန့်သတ်ထား​‌ ကြောင်းဒေသအာဏာပိုင်များ၏  အသိပေးထုတ်ပြန်စာအရ သိရကြောင်း ရွှေလီရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။

အဆိုပါ ထိန်းချုပ်ဧရိယာများအတွင်း လူဝင်လူထွက်လုပ်ဆောင်၍ မရဘဲ လိုအပ်သည့် အစားအစာကို ဒေသအာဏာပိုင်များက  တာဝန်ယူ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ကန့်သတ်မှုတွင် မပါသည့် နေရာများမှ ပြည်သူများအနေဖြင့်လည်း ကိစ္စမရှိဘဲ အပြင်မထွက်ရန်၊ ထွက်ရန်လိုအပ်ပါက ၄၈ နာရီအတွင်း ကိုဗစ်ပိုး စစ်ဆေးထားသည့် အဖြေစာရွက်နဲ့ Qr Scan ဖတ်ဖို့ အသိပေး ထုတ်ပြန်ချက်မှာ ပါရှိကြောင်း သိရသည်။

တရုတ်နိုင်ငံအတွင်း ကိုဗစ် (၁၉) ရောဂါ ကူးစက်မှု ပြင်းထန်ခဲ့သည့် ကာလတလျှောက် ရွှေလီမြို့တွင်လည်း ကာလရှည် Lock Down သတ်မှတ်ခဲ့ပြီး ရောဂါ ထိန်းချုပ်မှု အောင်မြင်သည့်အချိန်မှ Lock Down ကို ပြန်လည် ရုတ်သိမ်းထားခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here