စင်္ကာပူသမ္မတ အဲလိဇဘက်ဘုရင်မကြီး၏ နိုင်ငံတော်ဈာပနသို့တက်ရောက်မည်

0
274

စင်္ကာပူသမ္မတ အဲလိဇဘက်ဘုရင်မကြီး၏ နိုင်ငံတော်ဈာပနသို့တက်ရောက်မည်

စင်္ကာပူ၊စက်တင်ဘာ ၁၆

စင်္ကာပူသမ္မတ မဒမ်ဟာလေမာယေးကော့ဘ်သည် စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့တွင်ကျင်းပမည့် အဲလိဇဘက်ဘုရင်မကြီး၏ နိုင်ငံတော်ဈာပနအခမ်းအနားသို့တက်ရောက်မည်ဖြစ်ကြောင်းသိရှိရသည်။

သူမနှင့်အတူ ခင်ပွန်းဖြစ်သူ မစ္စတာမိုဟာမဒ်အဗ္ဗဒူလာအယ်လ်ဘာရှီ တို့အပြင်သမ္မတရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (MFA) တို့မှ တာဝန်ရှိသူများလည်း လိုက်ပါသွားမည်ဖြစ်သည်။

“သမ္မတ ဟာလေမာ မရှိသည့်ကာလအတွင်းသမ္မတအကြံပေးကောင်စီ၏ဥက္ကဌ မစ္စတာ Eddie Teo သည် နိုင်ငံတော်သမ္မတရုံး၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်လိမ့်မည်” ဟု MFA မှ သောကြာနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဗြိတိန်၏ နန်းသက်အရှည်ဆုံး ဒုတိယမြောက်အဲလိဇဘက် ဘုရင်မကြီးသည် အသက် ၉၆ နှစ်အရွယ်တွင် စကော့တလန်ရှိ ၎င်း၏နေအိမ်၌ စက်တင်ဘာ ၈ ရက်‌နေ့က ငြိမ်းချမ်းစွာကွယ်လွန်ခဲ့သည်။

ရာနှင့်ချီသော ကမ္ဘာ့ခေါင်းဆောင်များနှင့် နိုင်ငံခြားမှတော်ဝင်ပုဂ္ဂိုလ်များသည် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး သံတမန်စုဝေးပွဲတစ်ခုအနေဖြင့် ဘုရင်မကြီး၏ နိုင်ငံတော်ဈာပနကို တက်ရောက်မည်ဟုမျှော်လင့်ရသည်။

ဈာပနအခမ်းအနားသို့ တက်ရောက်မည့်အကြောင်း အတည်ပြုခဲ့သူများတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ၊ ပြင်သစ်သမ္မတ အမန်နူရယ်မက်ခရွန် ၊ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော် ၊ ဂျပန်ဧကရာဇ် နာရူဟိတို နှင့် ၎င်း၏မိဖုရားမာစဲကိုတို့ ပါဝင်သည်။

ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရီဒို ၊ သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘနီးဇ် နှင့် နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန် တို့သည် ဗြိတိသျှ အချုပ်အခြာအာဏာကို နိုင်ငံ့ခေါင်းဆောင် အဖြစ်ခံယူထားကြပြီး ၎င်းတို့အားလုံးတက်ရောက်ရန် အဆင်သင့်ရှိနေကြသည်။

ဘုရင်မကြီး၏ ဈာပနအခမ်းအနားကို တနင်္လာနေ့မနက် ၁၁ နာရီ၌ စတင်မည်ဟု ခန့်မှန်းထားကြသည်။မနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် နှစ်မိနစ်ငြိမ်သက်ကာ စစ်ခရာမှုတ်ပြီးဘုရင်မကြီးအား ဂါရဝပြုနှုတ်ဆက်မည်ဖြစ်သည်။ယင်းနောက် နေ့လည်ပိုင်း၌ နိုင်ငံတော်သီချင်းနှင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်တေးသီချင်းများကိုသီဆိုကာ ဈာပနအခမ်းအနားကိုပိတ်သိမ်းမည်ဖြစ်သည်။

သီးသန့် သင်္ဂြိုဟ်ခြင်းအခမ်းအနားကို ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ဘုရင်နှင့် တော်ဝင်မိသားစုများသာ တက်ရောက်မည်ဖြစ်သည်ဟုသိရှိရသည်။ဘုရင်မကြီး၏ နောက်ဆုံးနားခိုရာနေရာအဖြစ် ဘုရင်ကြီး ဂျော့ခ်ျ VI အတွက် အောက်မေ့ဖွယ်အထိမ်းအမှတ်ဖြင့် ဆောက်လုပ်ထားသည့် ‌ပင်မဘုရားကျောင်းကြီး၏ တိုးချဲ့ဆောင်၌ သူမ၏ခင်ပွန်းဖီးလစ်မင်းသားကြီး၏အုတ်ဂူနှင့်အတူ ယှဉ်တွဲမြှုပ်နှံမည်ဖြစ်သည်ဟုဖော်ပြထားသည်။

Source -CNA/st(gs)


LEAVE A REPLY

Please enter your comment!
Please enter your name here