သုံးနိုင်ငံဆွေးနွေးပွဲတွင် ပူးပေါင်းဆောင်ရွက်ရေးကို အခြေခံဆွေးနွေးခဲ့ကြ

0
107

သုံးနိုင်ငံဆွေးနွေးပွဲတွင် ပူးပေါင်းဆောင်ရွက်ရေးကို အခြေခံဆွေးနွေးခဲ့ကြ

တရုတ်၊ရုရှားနှင့် မွန်ဂိုလီးယားခေါင်းဆောင်များသည် ၎င်းတို့သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်နှင့် ကမ္ဘာနှင့်ဒေသဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုကိုအားကောင်းစေရန် ကြာသပတေးနေ့တွင်သဘောတူညီခဲ့ကြပြီး ဤပူးပေါင်းဆောင်ရွက်မှုသည် ရှုပ်ထွေးသောနိုင်ငံတကာအခြေအနေများကြောင့် အထူးအရေးကြီးသည်ဟုပြောကြားခဲ့ကြသည်။

ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာကမ်ထ်၌ကျင်းပသော ဆဌမအကြိမ်မြောက် တရုတ်၊ရုရှားနှင့် မွန်ဂိုလီးယားနိုင်ငံအကြီးအကဲများ အစည်းအဝေး၌၎င်းတို့က ယခုကဲ့သို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။တရုတ်သမ္မတရှီကျင့်ဖျင်သည် သုံးနိုင်ငံကြားပူးပေါင်းဆောင်ရွက်မှု၏ ခိုင်မာသောတွန်းအားနှင့် ခံနိုင်ရည်ရှိမှုကိုအလေးပေးပြောကြားခဲ့သည်။ထို့ပြင် ၎င်းတို့သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် ကပ်ရောဂါဆိုး၏သက်ရောက်မှုများကြားမှပင် ရပ်တန့်သွားခြင်းမရှိကြောင်းနှင့် မြင်သာပြီး ခိုင်မာသောအောင်မြင်မှုများရရှိခဲ့သည်ဟုလည်းထပ်လောင်းပြောကြားခဲ့သည်။

တရုတ် – ရုရှား – မွန်ဂိုလီးယား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် နိုင်ငံရေးယုံကြည်မှုကိုနက်ရှိုင်း‌စေရန်အရေးကြီးကြောင်း၊အပြန်အလှန်ပံ့ပိုးကူညီမှု၊ လေးစားမှုနှင့်လိုက်လျောညီထွေဖြစ်စေရန် အရေးကြီးကြောင်းအပါအဝင် နိုင်ငံတကာနှင့်ဒေသတွင်းရေးရာများတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် မိမိတို့သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုလမ်းကြောင်းမှန်ပေါ်ရောက်အောင်ထိန်းထားရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ပြင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးမူဘောင်အတွင်း စိန်ခေါ်မှုများနှင့်ယင်းတို့ကိုဆန့်ကျင်နိုင်သည့် ပူးပေါင်းဆောင်ရွက်ရေးပလက်ဖောင်းတစ်ခုကိုတည်ဆောက်ရန်၊ဖွံ့ဖြိုးတိုးတက်မှု၏ အလားအလာကို ၎င်းကအဆိုပြုခဲ့သည်။

တရုတ် – မွန်ဂိုလီးယား – ရုရှားသုံးနိုင်ငံစီးပွားရေးပလက်ဖောင်းတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ဘုံနားလည်မှုရရှိခဲ့ပြီး ကုန်သွယ်မှုနှင့်စီးပွားရေး၊ပြည်သူအချင်းချင်းရင်းနှီးချစ်ကြည်ရေးနှင့် ခရီးသွားလာရေးစသည့် နယ်ပယ်များတွင် အိမ်နီးချင်းဒေသများကို နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုများဖြင့် မြှင့်တင်ပေးရန်လည်း ရှီကတောင်းဆိုခဲ့သည်။သုံးနိုင်ငံစီးပွားရေးအသိုက်အဝန်းများဖလှယ်ခြင်းအတွက် အရည်အသွေးမြင့်ပလက်ဖောင်းများကို ဆက်လက်တည်ဆောက်သွားရန်လည်း အလေးပေးပြောကြားခဲ့သည်။

ဒေသတွင်းဘဏ္ဍာရေးလုံခြုံမှုအတွက် ခိုင်မာသောအခြေအနေတစ်ခုတည်ဆောက်ရန် RMB Cross – Border Interbank Payment System ၌ ပူးပေါင်းဆောင်ရွက်ဖို့လည်း တရုတ်နှင့်မွန်ဂိုလီးယား ဘဏ္ဍာရေးအဖွဲ့အစည်းများကိုကြိုဆိုကြောင်း ရှီကပြောကြားခဲ့သည်။

ရုရှား၊တရုတ်နှင့်မွန်ဂိုလီးယားတို့အကြား သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် သိသာထင်ရှားသောတိုးတက်မှုနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစေသော ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုများလည်းရှိခဲ့ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်ကပြောကြားခဲ့သည်။ရင်းနှီးသောအိမ်နီးချင်းများအနေဖြင့် သုံးနိုင်ငံသည်အချင်းချင်း နားလည်မှုနှင့်ပံ့ပိုးမှုများ ပေးသင့်သည်ဟုပူတင်ကပြောကြားခဲ့သည်။

ထိုမျှမက ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအားကောင်းလာစေရန် သုံးနိုင်ငံမှလုပ်ငန်းရှင်များ ကို အားပေးပံ့ပိုးကူညီရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးနှင့် စွမ်းအင်ကဲ့သို့သောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုသိသိသာသာတိုးတက်လာစေရေး ကိုတွန်းအားပေးဆောင်ရွက်ခဲ့ပါသည်ဟုလည်းပြောကြားခဲ့သည်။

မွန်ဂိုလီးယားသမ္မတ Ukhnaa Khurelsukh ကလည်း တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုတိုးတက်ရေးသည် သံတမန်ရေးရာဦးစားပေးလုပ်ငန်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။မွန်ဂိုလီးယားနိုင်ငံသည် တရုတ်၊ရုရှားနိုင်ငံများနှင့် ဆက်ဆံရေးကောင်း မွန်စေရန်အဆင်သင့်ရှိနေပြီး ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု၊သဘာဝပတ်ဝန်းကျင်၊စွမ်းအင်၊ရထားလမ်း၊ခရီးသွားလုပ်ငန်းနှင့် အခြားနယ်ပယ်များတွင်ပါ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတိုးတက်မှုများအတွက် ပူးတွဲလုပ်ဆောင်နေကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

တွေ့ဆုံစဉ်အတွင်း ၎င်းတို့သုံးနိုင်ငံသည် စီးပွားရေးပလက်ဖောင်းတည်ဆောက်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုငါးနှစ်သက်တမ်းတိုးရန်အတည်ပြုခဲ့သည်။သုံးနိုင်ငံစီးပွားရေးပလက်ဖောင်း၏ ဗဟိုလမ်းကြောင်းရထားလမ်း အဆင့်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဖြစ်နိုင်ချေလေ့လာမှုကိုလည်း တရားဝင်စတင်ခဲ့ပြီး တရုတ် – ရုရှား သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ မွန်ဂိုလီးယားအခန်းကဏ္ဍစီမံကိန်းကိုလည်း တက်ကြွစွာအကောင်အထည်ဖော်ရန်သဘောတူညီခဲ့ကြသည်။

ယခုကဲ့သို့ သုံးနိုင်ငံအစည်းအဝေးယန္တရားအား ခေါင်းဆောင်များ၏သဘောဆန္ဒအပေါ်အခြေခံ၍ ၂၀၁၄ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်အစည်းအဝေးကို တာဂျစ်ကစ္စတန်နိုင်ငံ၊ Dushanbe ၌ ထိုနှစ်စက်တင်ဘာလတွင်ပင်ကျင်းပခဲ့သည်။

Source –China Daily


LEAVE A REPLY

Please enter your comment!
Please enter your name here