စင်္ကာပူဒုဝန်ကြီးချုပ်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သစ်များကိုဆွေးနွေးခဲ့ဟုဆို

0
220

စင်္ကာပူဒုဝန်ကြီးချုပ်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သစ်များကိုဆွေးနွေးခဲ့ဟုဆို

စင်္ကာပူ၊စက်တင်ဘာ ၁၉

စင်္ကာပူဒုဝန်ကြီးချုပ် လောရန့်ဝေါင်းသည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့ကတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သစ်များကို ဆွေးနွေးခဲ့သည်ဟုသိရှိရသည်။

မစ္စတာဝေါင်းသည် ဒုတိယဝန်ကြီးချုပ်အဖြစ် ၎င်း၏ပထမဆုံးတရားဝင်ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ငါးရက်ကြာသွားရောက်နေခြင်းဖြစ်သည်။

မစ္စတာဝေါင်းသည် ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ယခုခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Gam Kim Yong နှင့်အတူ အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီနှင့်တွေ့ဆုံခဲ့ပြီး ဟိုက်ဒရိုဂျင်၊နေစွမ်းအင်၊Fintech နှင့်ဒေတာချိတ်ဆက်မှုများကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သစ်များအတွက် ကောင်းမွန်သောဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

“အိန္ဒိယသည် စင်္ကာပူအတွက်ကဏ္ဍများစွာတွင် အရေးကြီးသောမဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဖြစ်သည်” ဟုလည်းမစ္စတာဝေါင်းက ပြောကြားခဲ့သည်။ထို့ပြင် မစ္စတာဝေါင်းသည် မစ္စတာမိုဒီ၏ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ကြောင်းနှင့် နှစ်နိုင်ငံထိတွေ့ဆက်ဆံမှုသိသိသာသာ တိုးတက်လာသည့်အတွက် ဝမ်းမြောက်မိကြောင်းလည်းပြောကြားခဲ့သည်။

ထို့နောက် မစ္စတာဝေါင်းက “ကိုဗစ်ကြောင့်အနှောင့်အယှက်ဖြစ်ပြီး ရပ်နားထားရတဲ့ နှစ်နိုင်ငံလူငယ်ဖလှယ်ရေးအစီအစဉ်တစ်ခုဖြစ်တဲ့ Singapore – India Hackathon ကိုလည်းပြန်လည်စတင်ရန်ကျွန်တော်မျှော်လင့်မိပါတယ်” ဟုဆိုခဲ့သည်။

တနင်္ဂနွေနေ့ကလည်း မစ္စတာဝေါင်းသည် Fintech စည်းမျဉ်းစည်းကမ်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး လွယ်ကူချောမွေ့စေရန်အတွက် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) နှင့် အိန္ဒိယနိုင်ငံ၏နိုင်ငံတကာ ဘဏ္ဍာရေးဝန်ဆောင်မှုစင်တာများအာဏာပိုင်အဖွဲ့ (IFSCA) တို့အကြား သဘောတူညီချက်တစ်ရပ်ကိုလက်မှတ်ရေးထိုးခြင်း၌ပါဝင်ခဲ့သည်။

Source – CNA/vc(gr)


LEAVE A REPLY

Please enter your comment!
Please enter your name here