အမေရိကန်နှင့်ဖိလစ်ပိုင်သမ္မတများ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများအားဆွေးနွေး

0
137

အမေရိကန်နှင့်ဖိလစ်ပိုင်သမ္မတများ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများအားဆွေးနွေး

နူးယော့ခ်၊စက်တင်ဘာ ၂၃

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာတို့သည် တောင်တရုတ်ပင်လယ်အတွင်း၌ တရုတ်၏ဩဇာလွှမ်းမိုးရန်ကြိုးပမ်းမှုများကို တုံ့ပြန်သည့်အနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာရေကြောင်းသွားလာမှုနှင့် လေကြောင်းပျံသန်းမှုဆိုင်ရာများကို ထောက်ခံရန်အတွက် စက်တင်ဘာ ၂၂ ရက် ကြာသပတေးနေ့ကတွေ့ဆုံစဉ် အလေးပေးပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်နှင့်မားကို့စ်တို့သည် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ နှစ်ဦးတည်းပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။လက်ရှိ သမ္မတမားကို့စ်သည် ဖိလစ်ပိုင်သမ္မတဟောင်း ဖာဒီနန်မားကို့စ်၏သားဖြစ်ပြီး ဇွန်လကရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးသည် တောင်တရုတ်ပင်လယ်၏ အခြေအနေများအားဆွေးနွေးခဲ့ကြပြီး လွတ်လပ်စွာရေကြောင်းသွားလာခွင့်၊လေကြောင်းပျံသန်းခွင့်များအပါအဝင် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာအဖြေရှာရေးတို့အပေါ် ၎င်းတို့၏ထောက်ခံမှုကိုအလေးပေးပြောကြားခဲ့သည် ဟု ဆွေးနွေးပွဲအပြီး၌ အိမ်ဖြူတော်ကကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ဘိုင်ဒင်သည် တောင်တရုတ်ပင်လယ်၌ ကိုဗစ်နှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးလိုကြောင်း ၎င်းတို့နှစ်ဦးဆွေးနွေးပွဲစတင်စဉ်ပြောကြားခဲ့သည်။ထို့နောက် ယူကရိန်းသို့ရုရှား၏ကျူးကျော်မှုအား ဆန့်ကျင်ခဲ့သည့်အတွက်လည်း သမ္မတမားကို့စ်အား ကျေးဇူးတင်ရှိကြောင်းလည်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ဒေသတွင်း ငြိမ်းချမ်းရေးကိုထိန်းသိမ်းရာမှာ အမေရိကရဲ့အခန်းကဏ္ဍဟာဒေသတွင်းနိုင်ငံတွေ အထူးသဖြင့်ဖိလစ်ပိုင်နိုင်ငံအတွက်တော့ အလွန်တန်ဖိုးထားလေးစားရတဲ့အရာဖြစ်ပါတယ်” ဟု သမ္မတမားကို့စ်ပြန်လည်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် အမေရိကန်၏အဓိကမဟာမိတ်နိုင်ငံဖြစ်ပြီး တရုတ်ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ လိုအပ်လာပါက ၎င်း၏ပထဝီဝင်အနေအထားအရ အမေရိကကခုခံကာကွယ်ပေးရမည့် မဟာဗျူဟာမြောက်အရေးပါသောနိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ထို့ကြောင့်လည်း ၎င်းအခြေအနေနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်သဖြင့် ဖိလစ်ပိုင်ရှိစစ်အခြေစိုက်စခန်းများသို့ ပိုမိုဝင်ရောက်ခွင့်ရရန် အမေရိကန်ကစိတ်အားထက်သန်နေခြင်းဖြစ်သည်။

ဆက်လက်၍ခေါင်းဆောင်နှစ်ဦးသည် အမေရိက – ဖိလစ်ပိုင် မဟာမိတ်ကဏ္ဍ၏အရေးပါမှုကိုလည်း ပြန်လည်သုံးသပ်အတည်ပြုခဲ့ကြကာ ဖိလစ်ပိုင်ကာကွယ်ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ စစ်သင်္ဘောကတိကိုလည်း ထပ်မံအတည်ပြုခဲ့သည် ဟု အိမ်ဖြူတော်ကထုတ်ပြန်ခဲ့သည်။

ယခုလအစောပိုင်းကလည်း မားကို့စ်၏ဆွေမျိုးတစ်ဦးဖြစ်သည့် အမေရိကန်ဆိုင်ရာဖိလစ်ပိုင်သံအမတ်ကြီးသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ လိုအပ်လာပါက ဖိလစ်ပိုင်အနေဖြင့်မိမိတို့၏ လုံခြုံရေးအတွက်အရေးကြီးသဖြင့် ဖိလစ်ပိုင်စစ်အခြေစိုက်စခန်းများကို အမေရိကအားအသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း နစ်ကေးသတင်းဌာနသို့ပြောကြားခဲ့သည်။

Source –Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here