ဒုတိယမြောက်ဒဏ်ခတ်ပိတ်ဆို့မှုဖြစ်သည့် ရုရှားရေနံဈေးနှုန်းကန့်သတ်မှုအား ကန်အရာရှိတစ်ဦးပယ်ချ

0
228

ဒုတိယမြောက်ဒဏ်ခတ်ပိတ်ဆို့မှုဖြစ်သည့် ရုရှားရေနံဈေးနှုန်းကန့်သတ်မှုအား ကန်အရာရှိတစ်ဦးပယ်ချ

စင်္ကာပူ၊စက်တင်ဘာ ၂၆

ပြီးခဲ့သည့်အပတ်က အမေရိကန်အထက်လွှတ်တော်အမတ်များက အဆိုပြုခဲ့သည့်ရုရှားရေနံတင်ပို့မှုအပေါ်ဈေးနှုန်းသတ်မှတ်ရန် အဆိုပြုချက်အား အမေရိကန်ဘဏ္ဍာရေးဌာနမှ အရာရှိတစ်ဦးက ပယ်ချခဲ့သည်။

ဒီမိုကရက်တစ်နှင့်ရီပက်ဘလစ်ကန်အထက်လွှတ်တော်အမတ်များသည် ပြီးခဲ့သည့်အပတ်က ကန်သမ္မဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် ရုရှားရေနံဝင်ငွေကိုကန့်သတ်ရန်နှင့် ကမ္ဘာ့ဈေးကွက်များနှင့်ဈေးနှုန်းများအပေါ် သက်ရောက်မှုကိုလျှော့ချရန်ရည်ရွယ်ချက်ဖြင့် ဈေးနှုန်းခိုင်မာစေဖို့ နိုင်ငံတကာဘဏ်များအပေါ် ဒုတိယမြောက်ဒဏ်ခတ်ပိတ်ဆို့မှုများကိုအသုံးပြုသင့်သည်ဟူသော အဆိုတစ်ခုကိုတင်သွင်းခဲ့သည်။

“ဒုတိယအကြိမ်ပိတ်ဆို့အရေးယူမှုတွေ လိုအပ်တယ်လို့မထင်ပါဘူး” ဟု အမေရိကန်ဘဏ္ဍာရေးဌာနမှ ရာသီဥတုနှင့်စွမ်းအင်စီးပွားရေးဆိုင်ရာ ဒုတိယ လက်ထောက် ဝန်ကြီး Catherine Wolfram က APPEC ၂၀၂၂ ညီလာခံတွင် သတင်းထောက်များအားပြောကြားခဲ့သည်။

G – 7 နိုင်ငံများသည် ထောက်ပံ့ရေးကွင်းဆက်ရှိကုမ္ပဏီများ၊ပွဲစားများမှတစ်ဆင့် ဘဏ်များ၊အာမခံများနှင့်သင်္ဘောကုမ္ပဏီများအထိ ရုရှားရေနံကုန်သွယ်မှုနှင့် ပုံမှန်သတင်းတင်ပြမှုရှိမရှိကို စောင့်ကြည့်နေလျက်ရှိသည်။စက်မှုလုပ်ငန်းအမှုဆောင်များနှင့်လေ့လာသုံးသပ်သူများသည် ရေနံဈေးနှုန်းကန့်သတ်၏ ဖြစ်နိုင်ခြေနှင့်၎င်း၏ခိုင်မာမှုအပေါ် မေးခွန်းထုတ်ခဲ့ကြသည်။

ရုရှားရေနံစိမ်းတင်ပို့မှုအပေါ် ဥရောပသမဂ္ဂကပိတ်ဆို့အရေးယူမှုများမစတင်မီ ရုရှားရေနံဈေးနှုန်းကန့်သတ်ချက်ကို အာဏာပိုင်များကအပြည့်အဝလမ်းညွှန်ချက်ထုတ်ပြန်မည်ဖြစ်ကြောင်း Wolfram ကပြောကြားခဲ့သည်။အဆိုပါကန့်သတ်ချက်များသည် ရုရှားရေနံစိမ်းအတွက်သာ သတ်မှတ်ထားခြင်းဖြစ်ပြီး အဆိုပါရေနံစိမ်းမှထုတ်လုပ်သည့် သန့်စင်ပြီးထုတ်ကုန်များအတွက်မဟုတ်ကြောင်း Wolfram ကပြောကြားခဲ့သည်။

“ရေနံစိမ်းကို ချက်လုပ်ပြီး သန့်စင်ပြီးသွားရင်ဈေးနှုန်းကန့်သတ်ချက်က အကျုံးမဝင်တော့ပါဘူး” ဟုသူကဆိုသည်။

“ဒီလိုဘာကြောင့်ကန့်သတ်လိုက်ရလဲဆိုရင် ကုန်သည်တွေအနေနဲ့အဲ့ဒီထွက်ကုန်တွေကို ရောင်းဝယ်ခြင်းကအကျိုးအမြတ်ရရင်တောင် အဲ့ဒီအကျိုးအမြတ်က မော်စကိုဆီပြန်မစီးဆင်းသွားနိုင်လို့ပါ” ဟုလည်းထပ်လောင်းပြောကြားခဲ့သည်။

ယင်းနောက် Wolfram က တရုတ်နှင့်အိန္ဒိယ အစိုးရတို့သည် ၎င်းတို့၏အကျိုးစီးပွားအတွက် မဟုတ်သဖြင့် အစိုးရအဆင့်တွင်တရားဝင်မဟာမိတ်ဖွဲ့ရန် မမျှော်လင့်ထားကြောင်း၊ သို့သော် ဈေးနှုန်းသတ်မှတ်ပြီးသွားပါက တရုတ်နှင့်အိန္ဒိယကုမ္ပဏီများသည် G – 7 နိုင်ငံများက ပေးဆောင်သော ကုန်သွယ်ရေးဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုရန် စီးပွားရေးအကျိုးအမြတ်ကိုရလိမ့်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

“ရုရှားအာမခံကို အသုံးပြုတာက ယူက ဒါမှ မဟုတ် နော်ဝေအာမခံကိုအသုံးပြု တာထက် ကုန်ကျစရိတ်ပိုကျတယ်လို့ ယူဆထားတဲ့ အိန္ဒိယတင်သွင်းသူအချို့နဲ့လည်းစကားပြောခဲ့ပြီးပါပြီ” ဟုသူမကဆိုသည်။

အမေရိကန်အစိုးရသည် မငြိမ်သက်မှုနှင့်ဈေးကွက်ထဲရုရှားအများဆုံးနေရာယူထားသည်ကို သဘောမကျသော OPEC နှင့်အနီးကပ်ဆက်သွယ်ဆောင်ရွက်နေပြီး ဈေးနှုန်းကန့်သတ်ချက်သည် ရုရှားအတွက်သာသက်ရောက်မည်ဖြစ်ကြောင်း အလေးပေးပြောကြားပါသည် ဟုလည်းဖော်ပြထားသည်။

Source –Reuters/st


LEAVE A REPLY

Please enter your comment!
Please enter your name here