တစ်လအကြာတွင် (၁၀) သိန်းကျပ်အထိ ရွှေဈေး ပြန်ကျ

0
924

တစ်လအကြာတွင် (၁၀) သိန်းကျပ်အထိ ရွှေဈေး ပြန်ကျ

ပြီးခဲ့သည့် ဩဂုတ်လ တတိယ ပတ်အတွင်းက ပြည်တွင်း ရွှေဈေးကွက်တွင် တစ်ကျပ်သား (၃၇) သိန်းအထိ ဈေးတက်ခဲ့သည့် အခေါက်ရွှေဈေးနှုန်းသည် ယနေ့စက်တင်ဘာ လ(၂၇) ရက်တွင် တစ်ကျပ်သား(၂၇) သိန်းအထိကျဆင်း သွားခဲ့ကြောင်း သိရသည်။

ယခင်လအတွင်းက ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းမတည်ငြိမ်မှုကို အကြောင်းပြကာ ဈေးကစားမှုများနှင့် ဈေးပြိုင်ပေးကာ ဈေးနှုန်းဆွဲတင်ကြသဖြင့် ရွှေဈေးအဆမတန်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါရွှေဈေးနှုန်း မြင့်တက်မှုကို ထိန်းကြောင်းသည့်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ရွှေဒင်္ဂါးများ ထုတ်ရောင်းပေးနေပြီး (၁၆) ရက်နေ့အထိစာရင်းအရ အလေးချိန် ၄ ပိသာကျော် ရောင်းချခဲ့ပြီး ဖြစ်သည်ဟုသိရသည်။

ဒေါ်လာဈေးနှုန်းပါ တအိအိဖြင့် ပြန်လည်ကျဆင်း လာသည့်အတွက် ရွှေဈေးနှုန်းများမှာ ယနေ့တွင်(၁၀) သိန်းကျပ်အထိ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ယနေ့ စက်တင်ဘာလ (၂၇) ရက် ရန်ကုန် ရွှေဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်သည့် ရွှေဈေးနှုန်းများမှာ ၁၆ ပဲရည် ခေါက်ရွှေ တစ်ကျပ်သားလျင် (၂၇) သိန်းကျပ်ဖြင့် ရောင်းချလျက်ရှိပြီး တစ်ကျပ်သား ဝယ်ဈေးမှာ (၂၆၇၀၀၀၀) ကျပ် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရွှေအရောင်းကောင်တာတစ်ခုမှ သိရသည်။

၁၅ ပဲရည်ရွှေတစ်ကျပ်သားလျင် (၂၅၄၁၂၀၀) ကျပ်ဖြင့် ရောင်းချပေးနေပြီး ဝယ်ဈေးမှာ (၂၅၀၀၀၀၀) ကျပ် ဝန်းကျင် ဖြစ်ကြောင်း သိရသည်။

ယနေ့ ရန်ကုန်တိုင်း ရွှေအသင်း၏ ရည်ညွှန်း ဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် (၁၉၂၈၀၀၀) ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်ဆလျင် အမေရိကန်ဒေါ် လာ (၁၆၃၄) ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

ယနေ့ ပြည်တွင်း နိုင်ငံခြားငွေ ငွေလဲဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျင် (၃၁၃၀ ) ကျပ် ဖြင့် အရောင်း အဝယ် ပြုလုပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ‌ရည်ညွှန်း ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျင် (၂၁၀၀) ကျပ်ဖြစ်ပြီး အဆိုပါ နှုန်းနှင့် ၃ရာခိုင်နှုန်းသာ ကွာဟ ရောင်းဝယ်ကြရန် ညွှန်ကြားထားသော်လည်း လက်ရှိအချိန်ထိ (၁၀၀၀) ကျပ်ဝန်းကျင် ကွဟနေဆဲ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here