တရုတ်နှင့်ကုန်သွယ်ရေးတွင် ရုရှားရူဘယ်အားဒစ်ဂျစ်တယ်စနစ်ဖြင့်ပေးချေရန်စီစဉ်နေ

0
177

တရုတ်နှင့်ကုန်သွယ်ရေးတွင် ရုရှားရူဘယ်အားဒစ်ဂျစ်တယ်စနစ်ဖြင့်ပေးချေရန်စီစဉ်နေ

မော်စကို၊စက်တင်ဘာ ၂၇

ဝါရှင်တန်က တစ်ကမ္ဘာလုံး၏ ဘဏ္ဍာရေးစနစ်ကို လွှမ်းမိုးမှုအား လျှော့ချရန်ကြိုးပမ်းနေသည့် ရုရှားသည် လာမည့်နှစ်အစောပိုင်းတွင် တရုတ်နှင့်ကုန်သွယ်ရေးပြုလုပ်ရာ၌ ဒစ်ဂျစ်တယ်ရူဘယ်စနစ်ကိုစတင်အသက်သွင်းမည်ဖြစ်သည် ဟု ထိပ်တန်းအမတ်တစ်ဦးက စက်တင်ဘာ ၂၆ ရက် တနင်္လာနေ့ကပြောကြားခဲ့သည်။

နိုင်ငံများစွာကဲ့သို့ပင် ရုရှားသည်၎င်း၏ဘဏ္ဍာရေးစနစ်ကို ခေတ်မီစေရန်နှင့် ငွေပေးချေမှုများကိုအရှိန်မြှင့်ရန် အပါအဝင် bitcoin ကဲ့သို့သော cryptocurrency များ၏ ခြိမ်းခြောက်မှုကိုရှောင်ရှားရန် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်းကတည်းက ဒစ်ဂျစ်တယ်ငွေကြေးကိုတီထွင်နေခဲ့ခြင်းဖြစ်သည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍ မော်စကိုအပေါ်ပိတ်ဆို့အရေးယူများကြောင့် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် အခြေခံအဆောက်အဦအများအပြားသို့ ရုရှားပါဝင်နိုင်မှုအားဖြတ်တောက်လိုက်သည့်အချိန်၌ ဗဟိုဘဏ်သည်ဘဏ်များနှင့် ဒစ်ဂျစ်တယ်ရူဘယ်စမ်းသပ်မှုများကိုပြုလုပ်နေပြီဖြစ်သည်။

ဤနည်းအားဖြင့် ရုရှားသည်အပိတ်ဆို့မခံဘဲ ကုန်သွယ်ရောင်းဝယ်ရေးပြုလုပ်ရန် အခြားနည်းလမ်းများကိုရှာဖွေနေသည်ဟု ရုရှားအောက်လွှတ်တော် ဘဏ္ဍာရေးကော်မတီအကြီးအကဲ Anatoly Aksakov က ရုရှားပါလီမန်သတင်းစာနှင့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

“အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ပြီး နိုင်ငံတကာပေးချေမှုတွေအပါအဝင် ဘဏ်ငွေလွှဲမှုတွေအတွက်ပါ ပြဿနာတွေဖန်တီးနေတာကြောင့် ဒစ်ဂျစ်တယ်ငွေကြေးပိုင်ဆိုင်မှု၊ဒစ်ဂျစ်တယ်ရူဘယ်နှင့် cryptocurrencies အကြောင်းအရာများ သည် လက်ရှိ၌ လူ့အဖွဲ့အစည်းတွင်ပိုမိုပြင်းထန်လာသည်” ဟု ၎င်းကဆိုသည်။ငွေကြေးစီးဆင်းမှုများသည် ရုရှားအပေါ်အလိုမရှိသော နိုင်ငံများ၏ငွေကြေးထိန်းချုပ်မှုစနစ်များကို ကျော်လွှားနိုင်သောကြောင့် ဒစ်ဂျစ်တယ်ရူဘယ်ဦးတည်ချက်သည် အဓိကကျသည်ဟုလည်း ထပ်မံပြောကြားခဲ့သည်။

ဗဟိုဘဏ်နှင့်အစိုးရတို့သည် cryptocurrency စည်းမျဉ်းများနှင့်ပတ်သက်၍ တစ်နှစ်ပတ်လုံးအငြင်းအခုံဖြစ်ခဲ့ကြပြီး ဥပဒေသည်ယခုနှစ်တွင်ထွက်ပေါ်လာရန်မျှော်လင့်သည်ဟုလည်းပြောကြားခဲ့သေးသည်။

ဒစ်ဂျစ်တယ်ရူဘယ်အတွက် ပြုလုပ်ရမည့်နောက်တစ်ဆင့်မှာ အဆိုပါဒစ်ဂျစ်တယ်စနစ်အား အကောင်အထည်ဖော်ထားပြီးဖြစ်သည့် တရုတ်နိုင်ငံနှင့် အပြန်အလှန်ငွေပေးချေမှုတွေမှာ စတင်အသုံးပြုဖို့ဖြစ်သည်ဟုဖော်ပြထားသည်။

“ကျွန်တော်တို့ဒီစနစ်ကိုစတင်လိုက်ပြီဆိုတာနဲ့ တခြားနိုင်ငံတွေကပါ အဲဒီနည်းလမ်းကိုလိုက်လံအသုံးပြုလာမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစနစ်အပေါ် အမေရိကန်ရဲ့ထိန်းချုပ်မှုက ထိထိရောက်ရောက်အဆုံးသတ်သွားမှာပါ” ဟု Aksakov ကပြောကြားခဲ့သည်။

အနောက်နိုင်ငံများက ရုရှားအားရှောင်ဖယ်ထားသဖြင့် ပေကျင်းနှင့်ပူးပေါင်းဆောင်ရွက်မှုသည် မော်စကိုအတွက်ပိုအရေးကြီးလာသည်။နိုင်ငံနှစ်ခုသည် တစ်ခုနှင့်တစ်ခုကုန်သွယ်မှုတိုးမြင့်လာခဲ့ပြီး ရုရှားကုမ္ပဏီများသည် ယွမ်ငွေဖြင့်အကြွေးများစတင်ထုတ်ပေးခဲ့သည်။

ဗဟိုဘဏ်မှအချို့သောကျွမ်းကျင်သူများက နည်းပညာအသစ်များသည် နိုင်ငံများနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်ပြီး ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားဘဏ်အများအပြားဝင်ရောက်ခွင့်ဆုံးရှုံးခဲ့ရသည့် အနောက်တိုင်းကြီးစိုးသော SWIFT စနစ်ကဲ့သို့သောငွေပေးချေမှုလမ်းကြောင်းများအား မှီခိုရမှုနည်းပါးသွားစေနိုင်သည်ဟုအကြံပြုထားသည်။

Source -Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here