ကန်ဒုသမ္မတနှင့်ဂျပန်ဝန်ကြီးချုပ်တို့က ထိုင်ဝမ်ရေလက်ကြားရှိတရုတ်၏လုပ်ရပ်များအားရှုံ့ချ

0
165

ကန်ဒုသမ္မတနှင့်ဂျပန်ဝန်ကြီးချုပ်တို့က ထိုင်ဝမ်ရေလက်ကြားရှိတရုတ်၏လုပ်ရပ်များအားရှုံ့ချ

တိုကျို၊စက်တင်ဘာ ၂၇

အမေရိကန်ဒုတိ ယ သမ္မတကမ်မလာဟဲရစ်သည် ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါနှင့် စက်တင်ဘာ ၂၇ ရက် တနင်္လာနေ့ကတွေ့ဆုံစဉ်၌ ဝါရှင်တန်၏ကာကွယ်ရေးဆိုင်ရာ ကတိကဝတ်ကိုထပ်မံအတည်ပြုခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် ထိုင်ဝမ်ရေလက်ကြားရှိတရုတ်၏လုပ်ရပ်များအား ပြစ်တင်ရှုံ့ချခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် ထိုင်ဝမ်ရေလက်ကြား၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မကြာသေးမီကပြုလုပ်ခဲ့သော ရန်လိုမှုနှင့်တာဝန်မဲ့ရန်စမှုများအကြောင်းကိုဆွေးနွေးခဲ့ကြပြီး ရေလက်ကြားတစ်လျှောက် တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးတို့ကို ထိန်းသိမ်းရန်အရေးကြီးကြောင်းကိုလည်း ထပ်မံအတည်ပြုခဲ့ကြောင်း အိမ်ဖြူတော်ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ဒုတိယသမ္မတကမ်မလာဟဲရစ်၏ အာရှခရီးစဉ်တွင် တောင်ကိုရီးယားနိုင်ငံသို့လည်းသွားရောက်မည်ဖြစ်ပြီး ကန်သမ္မတဂျိုးဘိုင်ဒင်ကထိုင်ဝမ် ကိုကာကွယ်ပေးမည်ဟု ပြတ်ပြတ်သားသားပြောကြားခဲ့မှုကြောင့် တရုတ်နိုင်ငံအရာရှိများအား ယမ်းပုံမီးကျပေါက်ကွဲစေခဲ့ပြီးနောက် ဟဲရစ်၏ယခုခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်သည်ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသောထိုင်ဝမ်အား ၎င်း၏ပြည်နယ်များထဲမှတစ်ခုအဖြစ်ရှုမြင်သည်။ပေကျင်းသည် ထိုင်ဝမ်အား၎င်း၏ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းရန်ကာလရှည်ကြာကတိပြုထားပြီး လိုအပ်ပါကအင်အားသုံးယူရန်ဝန်မလေးကြောင်းပြောကြားခဲ့သည်။သို့သော်ထိုင်ဝမ်အစိုးရက တရုတ်၏ယင်းသို့အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်းပြောဆိုမှုအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး ကျွန်း၏ပြည်သူ ၂၃ သန်းကသာ ၎င်း၏အနာဂတ်ကိုဆုံးဖြတ်နိုင်သည်ဟု ပြောကြားခဲ့သည်။

 ဟဲရစ်သည် ဝါရှင်တန်နှင့်ပေကျင်းကြား တင်းမာမှုများတိုးလာနေသည်ကို ခေါင်းဆောင်များက သတိထားစောင့်ကြည့်နေခဲ့ကြစဉ် ဒေသတွင်းစိန်ခေါ်မှုအတွက် တစ်စုတစ်စည်းတည်းသော ချဉ်းကပ်မှုတစ်ခုကိုတည်ဆောက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်သည် နိုဝင်ဘာလ၌အင်ဒိုနီးရှားတွင်ပြုလုပ်မည့် G – 20 ထိပ်သီးအစည်းအဝေးအတွင်း တရုတ်သမ္မရှီကျင့်ဖျင်နှင့် ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံလိမ့်မည်ဟုမျှော်လင့်ရသည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ဈာပနအခမ်းအနားသို့ ကန်ကိုယ်စားလှယ်အဖွဲ့အားဦးဆောင်လာသည့် ကမ်မလာဟဲရစ်သည် မြောက်ကိုရီးယား၏မကြာသေးမီက ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုနှင့်ပတ်သက်၍ ကီရှီဒါနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားမှဖမ်းဆီးခေါ်ဆောင်သွားသော ဂျပန်နိုင်ငံသားများအရေးကိုဖြေရှင်းရန် အရေးကြီးကြောင်းလည်းအဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဂျပန်နှင့်အမေရိကန်ပြည်ထောင်စုတို့အကြား မဟာမိတ်ဖွဲ့ခြင်းသည် တရုတ်အပါအဝင် အင်ဒို – ပစိဖိတ်ဒေသအတွင်းငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် မရှိမဖြစ်လိုအပ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ထားသောအရာ၏ အခြေခံအုတ်မြစ်ဖြစ်သည်” ဟု တိုကျိုမြို့ Akasaka နန်းတော်တွင်းတွေ့ဆုံမှု၌ ဟဲရစ်က ကီရှီဒါအားပြောကြားခဲ့သည်။

Source –Reuters/ng


LEAVE A REPLY

Please enter your comment!
Please enter your name here