အကျပ်အတည်းကြားမှ သီရိလင်္ကာအား ပိုမိုကူညီမည်ဟုအာရှဖွံ့ဖြိုးရေးဘဏ်ကတိပြု

0
119

အကျပ်အတည်းကြားမှ သီရိလင်္ကာအား ပိုမိုကူညီမည်ဟုအာရှဖွံ့ဖြိုးရေးဘဏ်ကတိပြု

မနီလာ/တိုကျို၊စက်တင်ဘာ ၂၇

အိန္ဒိယသမုဒ္ဒရာအတွင်းရှိနိုင်ငံသည် ဆယ်စုနှစ်ခုနစ်စု ကျော်အတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရချိန်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အနေဖြင့် သီရိလင်္ကာအားဘဏ္ဍာရေးဆိုင်ရာ နောက်ထပ်အကူအညီပေးရန်အဆင်သင့်ရှိကြောင်း ဘဏ်၏ထိပ်တန်းအရာရှိတစ်ဦးက စက်တင်ဘာ ၂၇ ရက် အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

သီရိလင်္ကာ၌ အစားအသောက်နှင့်ဆေးဝါးကဲ့သို့သော မရှိမဖြစ်လိုအပ်သည့်အဓိကပစ္စည်းများ လပေါင်းများစွာ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ADB က ယခုလအတွင်း အရေးပေါ်ချေးငွေ ကန်ဒေါ်လာသန်း ၂၀၀ ကိုသဘောတူညီခဲ့ကာ လိုအပ်ပါကထပ်မံကူညီမည်ဖြစ်ကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အဓိကရေရှည်မိတ်ဖက်အနေနဲ့ ADB က နောက်ထပ်ပံ့ပိုးကူညီမှုတွေထပ်ပေးဖို့ အသင့်ရှိပါတယ်” ဟုဘဏ်ဥက္ကဌ Masatsugu Asakawa က နှစ်ပတ်လည်အစည်းအဝေးတွင် သတင်းထောက်များအားပြောကြားခဲ့သည်။

သီရိလင်္ကာ၏စီးပွားရေးသည် အလွန်ဆိုးရွားသွားပြီး လူနေမှုအဆင့်အတန်းကို ထိခိုက်စေသည့် အလွန်မြင့်မားသောငွေကြေးဖောင်းပွမှုဒဏ်ကို ခံစားနေရကြောင်း၎င်းကဆိုပြီး နှစ်စဉ်ကိန်းဂဏန်းသည် ဩဂုတ်လက ၇၀ ရာခိုင်နှုန်းကျော်လွန်ခဲ့သည်ဟုဖော်ပြထားသည်။

“ဒါကြောင့်မို့ အခုလိုခက်ခဲတဲ့ကာလမှာ တိုင်းပြည်ကိုကူညီထောက်ပံ့ဖို့ အစိုးရနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟုလည်းပြောကြားခဲ့သည်။မြီရှင်များထံမှ ဘဏ္ဍာငွေအာမခံချက်ရယူခြင်းဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံချေးငွေအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့်ဝန်ထမ်းအဆင့်သဘောတူညီချက်တစ်ရပ်ကို အပြီးသတ်နိုင်ရန် ကိုလံဘိုက လုပ်ဆောင်နေလောက်သည်ဟု ယုံကြည်ကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

“IMF ရဲ့အစီအစဉ်ပြီးသွားရင်တော့ သီရိလင်္ကာအတွက် တခြားကယ်ဆယ်ရေးအစီအစဉ်တွေမှာပါဝင်ဖို့၊နောက်ထပ်လိုအပ်တဲ့ ငွေကြေးရင်းမြစ်တွေပံ့ပိုးပေးပြီး အခြားနိုင်ငံတွေနဲ့ပူးပေါင်းကူညီဖို့စဉ်းစားသွားပါမယ်” ဟု နိုင်ငံတကာရေးရာဂျပန်ဒုတိယဘဏ္ဍာရေးဝန်ကြီးဟောင်း Asakawa ကပြောကြားခဲ့သည်။

Source –Reuters/st


LEAVE A REPLY

Please enter your comment!
Please enter your name here