ဂျပန်၏နျူဓာတ်ပေါင်းဖိုများပြန်လည်စတင်မှု ဥရောပဆောင်းအတွက်အထောက်အကူဖြစ်နိုင်ဟုဆို

0
227

ဂျပန်၏နျူဓာတ်ပေါင်းဖိုများပြန်လည်စတင်မှု ဥရောပဆောင်းအတွက်အထောက်အကူဖြစ်နိုင်ဟုဆို

တိုကျို၊စက်တင်ဘာ ၂၇

ဂျပန်၏ နောက်ထပ်နျူဓာတ်အားပေးစက်ရုံများ ပြန်လည်စတင်ခြင်းသည် ဆောင်းရာသီအတွင်း ဥရောပ၏စွမ်းအင်‌ေပးသွင်း မှုဆိုင်ရာ စိုးရိမ်မှုများကို ဖြေလျှော့နိုင်စေရန် အထောက်ပကူပေးမည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့အရည် (LNG) ကို ကမ္ဘာ့ဈေးကွက်တွင်ရရှိနိုင်စေမည်ဖြစ်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ၏အကြီးအကဲက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်းစစ်ကြောင့် ဓာတ်ငွေ့စီးဆင်းမှုကိုအဟန့်အတားဖြစ်‌စေကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် စီးပွားရေးကျဆင်းမှုဖြစ်နိုင်ချေတို့ကိုပါဖြစ်စေနိုင်သည့် ဆောင်းရာသီစွမ်းအင်အကျပ်အတည်းအတွက် ပြင်ဆင်ရန်လည်းဥရောပက ကြိုးပမ်းလျက်ရှိသည်။

ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါက ဖူကူရှီးမား ဘေးအန္တရာယ်အပြီး ဆယ်စုနှစ်တစ်ခုအတွင်း နျူစွမ်းအင်ဆိုင်ရာ မူဝါဒပြောင်းလဲမှုကြီးတစ်ခုအတွက် အဆင့်တစ်ခုကိုချမှတ်သည့်အ‌နေဖြင့် ဂျပန်ရှိရပ်နားထားသော နောက်ထပ်နျူစက်ရုံများကို ပြန်လည်စတင်ပြီး ဓာတ်ပေါင်းဖိုများ ဖွံ့ဖြိုးတိုးတက်ရေးကို ကြည့်ရှုမည်ဖြစ်ကြောင်း သြဂုတ်လကပြောကြားခဲ့သည်။

“နျူကလီးယားဓာတ်အားပေးစက်ရုံတွေ ပြန်လည်စတင်ဖို့ ဂျပန်နိုင်ငံက လုပ်ဆောင်နေတာကို မြင်ရတာဝမ်းသာပါတယ်” ဟု IEA အကြီးအကဲ Fatih Birol က တိုကျိုတွင် နိုင်ငံတကာစွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

Birol က မစ္စတာကီရှီဒါနှင့် တနင်္လာနေ့က တွေ့ဆုံခဲ့ပြီး ဂျပန်နိုင်ငံ၏စိမ်းလန်းသော အသွင်ကူးပြောင်းရေးအစပျိုးလုပ်ဆောင်မှုများ အထူးသဖြင့် နျူကလီးယားစွမ်းအင်အသုံးပြုမှုတို့ကို ဆွေးနွေးခဲ့ကြောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က Birol သည် ကမ္ဘာ့အကြီးဆုံး LNG တင်သွင်းသူဖြစ်သည့် ဂျပန်ကဲ့သို့ အရင်းအမြစ်ရှားပါးသောနိုင်ငံ၏ စွမ်းအင်လုံခြုံရေး၊ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပြည်တွင်းစက်မှုလုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်းအတွက် နျူအရင်းအမြစ်များသို့ပြန်သွားရန် လိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။

“နျူစက်ရုံတွေ ပြန်လည်စတင်တာဟာ ဂျပန်အတွက် သတင်းကောင်းတစ်ခုဖြစ်ပြီး ဆောင်းရာသီမှာ ဥရောပအတွက်လည်း ကြီးမားတဲ့ အကူအညီတစ်ခုဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ဂျပန်ရဲ့နျူစက်ရုံတွေစတင်မှုကြောင့် ဂျပန်အနေနဲ့လည်း LNG တင်သွင်းနေရမှုကိုလျှော့ချနိုင်မှာဖြစ်ပြီး LNG တွေ ဈေးကွက်ထဲပိုရလာနိုင်တာမို့ လာမယ့်လအနည်းငယ်အတွင်းမှာ ဥရောပကိုရှင်သန်နိုင်အောင် ကူညီပေးမှာပါ” ဟု ၎င်းကပြောကြားခဲ့သည်။

ယခုလက်ရှိတွင် ဂျပန်နိုင်ငံ၌ ၅,၅၄၆ မဂ္ဂါဝပ်ရှိသော လည်ပတ်နိုင်သည့် ဓာတ်ပေါင်းဖိုခြောက်လုံးရှိသည်။ကျန်ရှိ‌နေသောစက်ရုံများသည်ဖူကူရှီးမား ဘေးအန္တရာယ်အပြီး၌ ချမှတ်ထားသော ဘေးကင်းရေး စံနှုန်းများအောက်တွင် လုပ်ငန်းလည်ပတ်ခွင့်လိုင်စင်ရရှိရေးအတွက်ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။

Source – Reuters/gs


LEAVE A REPLY

Please enter your comment!
Please enter your name here