DENKO ဆီဘောက်ဆာကား ခေါ်ယူထိန်းသိမ်းခြင်းနှင့်ဆီဖောက်ယူခြင်းသည် KNU ၊ KNLA အဖွဲ့အစည်းမှလုံးဝပါဝင်ပါတ်သက်ခြင်းမရှိဟု ထုတ်ပြန်

0
202

DENKO ဆီဘောက်ဆာကား ခေါ်ယူထိန်းသိမ်းခြင်းနှင့်ဆီဖောက်ယူခြင်းသည် KNU ၊ KNLA အဖွဲ့အစည်းမှလုံးဝပါဝင်ပါတ်သက်ခြင်းမရှိဟု ထုတ်ပြန်

ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)အဖွဲ့မှ ယာဥ်အမှတ် YGN-4Q-5627 DENKO ဆီဘောက်ဆာကားအား စက်တင်ဘာ ၅ ရက်က ခေါ်ယူထိန်းသိမ်းခြင်းနှင့်ဆီဖောက်ယူခြင်းတို့၌ KNU ၊ KNLA အဖွဲ့အစည်းတို့မှ လုံးဝပါဝင်ပါတ်သက်ခြင်းမရှိကြောင်း စက်တင်ဘာ ၂၆ ရက်က ကေအဲန်ယူ-သထုံခရိုင်၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁)ခရိုင်အလုပ်မှုဆောင်ကော်မတီက ထုတ်ပြန်ခဲ့သည်။

ကေအဲန်ယူ-သထုံခရိုင်၊ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁) သည် ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟို ကွန်ကရက်တွင်ချမှတ်ထားသည့် မူဝါဒ၊လမ်းစဥ်၊ လုပ်ငန်းစဥ်နှင့်အညီ ရပ်တည်နေသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

စက်တင်ဘာ ၅ ရက်က မိတ်ဖက်ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)အဖွဲ့မှ ယာဥ်အမှတ် YGN-4Q-5627 DENKO ဆီဘောက်ဆာကားအား တော်လှန်ရေးအထောက်အကူပြုပစ်မှတ်အဖြစ်သတ်မှတ်၍ ခေါ်ယူထိန်းသိမ်းခြင်းအား ခရိုင်၊တပ်မဟာစစ်ဆေးရေးနှင့်ဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ စစ်ဆေးရာ၌ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်တို့ကို ရိုက်နှက်နှိပ်စက်ခြင်းမရှိဘဲ ဘေးကင်းလုံခြုံစွာထိန်းသိမ်းထားပြီး DENKO ဆီဘောက်ဆာကားတွင်ပါသည့် ပရီမီယံဂါလံ ၃၀၀၀၊ ဒီဇယ်ဂါလံ ၂၀၀၀ ၊ အောက်တိန်းဂါလံ ၄၀၀၀ တို့အားဖောက်ယူရောင်းချ၍ ကားကို ဂုံညှင်းနွယ်နှင့်ကျောက်ပုံကြားလမ်းဘေးတွင် ရပ်ထားခဲ့သည်ဟု သိရသည်။

ထို့ပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)မြို့ နယ်၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(KNLA)တပ်ရင်းအဖွဲ့အစည်းအား အသိပေးတင်ပြခြင်းမရှိဘဲ ကရင်အမျိုးသားအစည်းအရုံး (KNU)ချမှတ်ထားသည့် တော်လှန်ရေးလမ်းစဥ်၊ လုပ်ငန်းစဥ် စည်းမျဥ်းစည်းကမ်းများကို လိုက်နာခြင်းမရှိကြောင်း စစ်ဆေးသိရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ထို့ကြောင့် စက်တင်ဘာ ၁၅ ရက်တွင် ထိန်းသိမ်းခံထားရသည့် DENKO ဆီဘောက်ဆာကားအား ကရင်အမျိုးသားအစည်းအရုံး(KNU)ခရိုင်၊တပ်မဟာဖြေရှင်းရေးအဖွဲ့မှ ပြန်ထုတ်၍ ယာဥ်မောင်း လက်ထဲသို့ပြန်လည်အပ်နှံခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ DENKO ဆီဘောက်ဆာကား ခေါ်ယူထိန်း သိမ်းခြင်းနှင့်ဆီဖောက်ယူခြင်းသည် ကရင်အမျိုး သားအစည်းအရုံး(KNU)၊ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA)အဖွဲ့အစည်းမှ လုံးဝပါဝင်ပါတ်သက်ခြင်းမရှိဘဲ ကားအားပြန်လွှတ်စဥ်တွင် ဘေးကင်းလုံခြုံမှုရှိသည့် နေရာအထိ လုံခြုံရေးယူထားပေးခဲ့သည်ဟု ထုတ်ပြန်ရေးသားခဲ့သည်။

စည်းမျဥ်းစည်းကမ်းလိုက်နာခြင်းမရှိသည့် မိတ်ဖက်ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အဖွဲ့ခေါင်းဆောင်အား သက်ဆိုင်ရာ PDF တာဝန်ခံမှ အရေးယူဆောင်ရွက်ပြီးဖြစ်သည်ဟု ထုက်ပြန်ကြေညာခဲ့သည်။

Photo – DENKO TRADING CO., LTD.


LEAVE A REPLY

Please enter your comment!
Please enter your name here