နိုင်ငံ့ဂုဏ်ဆောင် နေမျိုးဗလ ကျော်သူဘွဲ့ရ ရွာစားကြီးစိန်ဗေဒါ ၏ ဂီတအနုပညာရပ်များနှင့် ဘဝမှတ်တမ်းများကို ထိန်းသိမ်းဖော်ထုတ်မြှင့်တင်သည့် ဂုဏ်ပြုပွဲကို မြန်မာ နိုင်ငံ သဘင်ပညာရှင်များအစည်း အရုံး (ဗဟို) နှင့် မန္တလေးတိုင်း ဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံးတို့၏ ဦးဆောင်မှု၊ မန္တလေးမြို့ ရွှေပြည်သာ ဟိုတယ်၏ ပံ့ပိုးကူညီမှုဖြင့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မန္တလေးမြို့၊ ရွှေပြည်သာ ဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များအစည်းအရုံးမှ သိရှိရသည်။
” မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး (ဗဟို) နဲ့ မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံးတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေ ဂီတပညာရပ်များ ထိန်းသိမ်း စောင့်ရှောက်ရေး အစီအစဉ်အရ နိုင်ငံ့ဂုဏ်ဆောင် နေမျိုးဗလကျော်သူ ဘွဲ့ရ ရွာစားကြီးစိန်ဗေဒါရဲ့ ဘဝနဲ့ ဂီတအနုပညာရပ်များ ထိန်းသိမ်း ဖော်ထုတ် မြှင့်တင်ပြန့်ပွားရေး အတွက် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂ ရက်နေ့က မန္တလေးမြို့ လောကနတ် သဘင်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အစီအစဉ်အရ နိုဝင်ဘာလ ၂၃ ရက်နေ့မှာ မန္တလေး မြို့ ရွှေပြည်သာဟိုတယ်မှာ ဘဝ မှတ်တမ်းစာတမ်းများ ဖတ်ကြား ခြင်းနဲ့အတူ မန္တလေးမြို့မှ လူငယ်ဆိုင်းအဖွဲ့ ၂ဝ တို့မှ မိမိတို့အဖွဲ့ အလိုက် အဘိုးစိန်ဗေဒါရဲ့ တေးသီချင်းတစ်ပုဒ်စီ ဖျော်ဖြေတင်ဆက်ကြဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု မြန်မာနိုင်ငံသဘင်ပညာ ရှင်များအစည်းအရုံး (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးနေဝင်းက ပြောသည်။
“ဆရာကြီးစိန်ဗေဒါရဲ့ အမှတ်တရ ဂုဏ်ပြုပွဲကို ဖြစ်မြောက်အောင် ရွှေပြည်သာဟိုတယ်က ပံ့ပိုးကူညီပေးပါတယ်။ ပွဲကို တစ်နေကုန်ကျင်းပသွားမှာဖြစ်ပါတယ်။ မနက်ကို ဆိုင်း ၁ဝ ဖွဲ့၊ နေ့ခင်းကိုဆိုင်း ၁ဝ ဖွဲ့ တီးပါမယ်။ တက္ကသိုလ် ဒေါ်ခင်မြလွင်က ဆရာကြီးရဲ့သီချင်းတွေ၊ တီးလုံး တွေအကြောင်း၊ သီချင်းရဲ့  စာသား၊ ဘယ်အချိန်က ဘယ်နေရာမှာတီးခဲ့ တယ် ဆိုတာတွေကို ရှင်းပြပေးမယ်။ မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များ အစည်းအရုံးက ဦးဆောင်ပြီး ပထမဆုံးအကြိမ် ဆရာကြီးစိန်ဗေဒါရဲ့ ဒီလိုဂုဏ်ပြုပွဲ ဖြစ်မြောက်လာတဲ့အတွက် သဘင်ပညာရှင်၊ ဆိုင်းပညာရှင်များ ကိုယ်စားဂုဏ်ယူဝမ်းမြောက်ရပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး သဘင်ပညာရှင်များအစည်းအရုံး အတွင်းရေးမှူး ဦးမောင်မောင်သစ်က ပြောပြခဲ့သည်။