ဂျပန်၌ ဂျာမနီနှင့်ပထမဆုံးလေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

0
254

ဂျပန်၌ ဂျာမနီနှင့်ပထမဆုံးလေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

တိုကျို၊စက်တင်ဘာ ၂၉

ဘာလင်သည် အင်ဒို – ပစိဖိတ်လုံခြုံရေးတွင် ၎င်း၏ပါဝင်ပတ်သက်မှုတိုးမြင့်လာသဖြင့် ဂျပန်လေတပ်နှင့်ဂျာမန်လေတပ်တို့သည် ၎င်းတို့၏ပထမဆုံး စစ်ရေးလေ့ကျင့်မှုကို ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည်။

ဂျာမန်လေတပ်အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီး Ingo Gerhartz မောင်းနှင်သည့် Eurofighter Typhoon ဂျက်လေယာဉ်သည် စင်္ကာပူမှရှစ်နာရီကြာပျံသန်းပြီးနောက် ဂျပန်နိုင်ငံတိုကျိုမြို့ အရှေ့မြောက်ဘက် Hyakuri လေတပ်စခန်းသို့ ညနေ ၄ နာရီခွဲခန့်တွင် ဆင်းသက်ခဲ့သည်။အဆိုပါလေယာဉ်သည် ဂျပန်လေပိုင်နက်ကိုဖြတ်၍လေ့ကျင့်မှုတွင် ပါဝင်ခဲ့သည့်ဂျာမန်တိုက်လေယာဉ်သုံးစီးအနက်မှတစ်စီးဖြစ်သည်။

ASDF စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Shunji Izutsu အားတင်ဆောင်လာသည့် လေယာဉ်အပါအဝင် ဂျပန်ဘက်မှ F – 2 တိုက်လေယာဉ်သုံးစီးပါဝင်ခဲ့သည်။အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ဂျပန်နှင့်နေတိုးတို့ကြားပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်ခြင်းဖြစ်သည်။

ဂျာမနီလေတပ်သည် ဩဂုတ်လတွင်ပထမဆုံးအကြိမ်အဖြစ် အင်ဒို – ပစိဖိတ်ဒေသသို့တိုက်လေယာဉ်များနှင့် ဝေဟင်ဆီဖြည့်လေယာဉ်များကို တပ်ဖြန့်ထားခဲ့သည်။ယခုပြုလုပ်သည့်ဂျပန်စစ်ရေးလေ့ကျင့်မှုသည် ဤတပ်ဖြန့်မှု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဂျပန်သို့မရောက်ရှိမီတွင် ဂျာမန်ဂျက်လေယာဉ်များသည်၎င်းတို့၏နိုင်ငံမှ စင်္ကာပူသို့ ၂၄ နာရီအတွင်းအရောက်မောင်းနိုင်သည့် အစမ်းလေ့ကျင့်မှုလည်းပြုလုပ်ခဲ့သည်။ယင်းနောက် ဂျပန်၊အမေရိက၊ဗြိတိန်နှင့် အခြားတပ်ဖွဲ့များနှင့်အတူ ဩစတြေးလျကအိမ်ရှင်အဖြစ်ကျင်းပသည့် Pitch Black Exercise တွင်လည်းပါဝင်ခဲ့သည်။

ရေတပ်သင်္ဘောများကို ခရီးဝေးသို့မကြာခဏစေလွှတ်လေ့ရှိသော်လည်း အဝေးဒေသသို့တိုက်လေယာဉ်များစေလွှတ်ရာတွင်မူ အဆင့်မြင့်စစ်ဆင်ရေးစွမ်းရည်များလိုအပ်သည်။

တိုကျိုရှိ Keio တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ Michito Tsuruoka ကမူ ယခုလေ့ကျင့်ရေးသည် အကျပ်အတည်းအတွင်း သင်္ဘောများထက်ပိုမြန်မြန်ဆန်ဆန် လိုအပ်ရာနေရာသို့ရောက်ရှိနိုင်သည့် ဂျာမန်လေတပ်၏ဖြန့်ကျက်နိုင်စွမ်းကို ဖော်ဆောင်ပေးပြီး ခိုင်မာသည့်မဟာဗျူဟာမြောက်သတင်းစကားများအား တရုတ်ကိုအဓိကထားပေးပို့ချင်သည့်သဘောဖြစ်ကြောင်းပြောဆိုခဲ့သည်။

Source –Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here