တာလေမြို့တွင် VIGO ကားအရှိန်မထိန်းနိုင်ဘဲ ချောင်းအတွင်းပြုတ်ကျ၍ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး

0
261

ရှမ်းပြည်နယ်၊တာလေမြို့၊နားယောင်းအုပ်စု၊ပါးခါးနွဲ့ကျေးရွာရှိ တာချီလိတ်-ကျိုင်းတုံသွားကားလမ်းတွင် အောက်တိုဘာ ၁ ရက်(ယနေ့)နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လောကပါလ ပရဟိတလူမှုကူညီရေးအသင်း-တာလေမှ သိရသည်။

ယနေ့နံနက် ၅ နာရီ ၅၀ မိနစ်ခန့်က ပါးခါးနွဲ့ကျေး ရွာရှိ တာချီလိတ်-ကျိုင်းတုံသွားကားလမ်းပေါ်တွင် တာချီလိတ်မြို့၊မယ်ခေါင်ရပ်ကွက်နေသူ မောင်းနှင်လာသည့် VIGO ကားသည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ နမ့်လင်း‌ချောင်းအတွင်းသို့ ပြုတ်ကျသွားခဲ့သည်

ဖြစ်စဥ်အား သတင်းအရ လောကပါလ ပရဟိတလူမှုကူညီရေးအသင်း-တာလေ မှသွားရောက်ကူညီ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကားမောင်းသူနှင့်အမျိုးသမီး ၁ ဦးတို့အား ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖြစ်စဥ်ကြောင့် ကလေးငယ် ၁ ဦးအပါ အဝင် အမျိုးသား၊အမျိုးသမီး ၃ ဦး(စုစုပေါင်း ၄ ဦး)တို့မှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အရင်ဆုံးဒဏ်ရာရတဲ့ ၂ ယောက်ကိုကယ်ထုတ်ခဲ့တယ် သေဆုံးသွားတဲ့ ၄ ယောက်ကိုတော့ ကရိန်းနဲ့ကားကိုဆွဲမပြီး သယ်ထုတ်ခဲ့ရပါတယ်”ဟု လောကပါလ ပရဟိတလူမှုကူညီရေးအသင်း-တာလေ ၏အဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် သေဆုံးသူ ၄ ဦး၏ ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးတို့အား လောကပါလ ပရဟိတလူမှုကူညီရေးအသင်း-တာလေမှ တာလေဆေးရုံနှင့်ရင်ခွဲရုံတို့သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here