ပုံနှိပ်သူ၊ ထုတ်ဝေသူများအနေဖြင့် အောက်တိုဘာ ၁ ရက်မှစပြီး ပြန်ကြားရေး ၀န်ကြီးဌာန မူပိုင်ခွင့်နှင့်မှတ်ပုံတင်ရုံးသို့ မိမိတို့ ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ်ပို့ရမည်

0
322

ယခင်က၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ပုံနှိပ်သူ၊ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၆ အုပ် သို့မဟုတ် ၆ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရပြီး ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့် အမျိုးသားစာပေဆုရွေးချယ်ရေး ကော်မတီများသို့ ခွဲဝေပေးပို့ရသည်။

ယခုအခါတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည်  ၈-၉-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၄၃/၂၀၂၂ ဖြင့် အမျိုးသားစာကြည့်တိုက်နည်းဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ယင်းနည်းဥပဒေ ၁၇၊ နည်းဥပဒေခွဲ (က) တွင် “အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်း အပါအဝင် ထုတ်ဝေသူသည် ယင်းတို့ထုတ်ဝေသည့် ပုံနှိပ်နှင့်ပုံနှိပ်မဟုတ်သော စာပေအနုပညာပစ္စည်း တစ်မျိုးစီ၏ ငါးအုပ်၊ ငါးစောင် သို့မဟုတ် ငါးခုကို ထုတ်ဝေသည့်နေ့မှ တစ်လအတွင်း အမျိုးသားစာကြည့်တိုက်သို့ စာပေအနုပညာ ပစ္စည်းပေးပို့ခြင်းပုံစံ (ပုံစံ-၁) ဖြင့် အခမဲ့ပေးပို့ရမည်” ဟု ပြဋ္ဌာန်းထားသည့်အတွက် သာသနာရေး၀န်ကြီးဌာနသို့လည်း မိမိတို့ ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ပေးပို့ရမည် ဖြစ်သည်။

ထို့ကြောင့် ထုတ်ဝေသူများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည့် ထုတ်ဝေစာများကို ၆ အုပ် သို့မဟုတ် ၆ စောင်အစား ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်ပြီး ၅ အုပ် သို့မဟုတ် ၅ စောင်၊ ကိုသာ ပေးအပ်ရမည်ဖြစ်ပြီး အလားတူ အမျိုးသားစာကြည့်တိုက်သို့လည်း မိမိအစီအစဉ်ဖြင့် ပေးပို့ရမည်ဖြစ်သည်။သို့သော် အမျိုးသားစာကြည့်တိုက်အနေဖြင့် လတ်တလောအချိန်အထိ ထုတ်ဝေသူများထံ စာအုပ်များပေးပို့ရန် အကြောင်းကြားခြင်း မရှိသေးကြောင်း သိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here