ရန်စမှုများရပ်တန့်သည်နှင့်တစ်ပြိုင်နက် တူကီယေးနှင့် ဆွေးနွေးရန်လမ်းဖွင့်ထားဟုဂရိဆို

0
164

အေသင်၊အောက်တိုဘာ ၂

ဂရိနိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေအပေါ်အခြေခံ၍ တူကီ‌ယေးနှင့် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လိုကြောင်းပြောကြားခဲ့ပြီး ထိုသို့ဆွေးနွေးနိုင်ရန် တူကီယေးအနေဖြင့် ၎င်း၏ရန်စမှုများ ပိမိုများပြားလာခြင်းကိုရပ်တန့်ရမည်ဟု ဂရိနိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်နှစ်နိုင်ငံဖြစ်သော တူကီယေးနှင့်ဂရိတို့သည် အစဉ်အဆက်ပိုင်နက်နယ်မြေပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ အငြင်းပွားလေ့ရှိကြသော အိမ်နီးချင်းနှစ်နိုင်ငံလည်းဖြစ်သည်။

“ဒီလိုတွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာမလာကတော့ တူကီယေးရဲ့ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်၊ဒါပေမယ့် ဆွေးနွေးပွဲအတွက် အခြေခံလိုအပ်ချက်ကတော့ ရန်စတာ‌ေတွကို လျှော့ချဖို့ပါပဲ” ဟု Nikos Dendias က Proto Thema သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လကလည်း တူကီယေးသမ္မတအာဒိုဂန်က ဥရောပသမဂ္ဂအဖွဲ့ဝင် ဂရိနိုင်ငံသည် ‌အာဂျီယန်ပင်လယ်ရှိ စစ်မဲ့ကျွန်းများကို သိမ်းပိုက်ထားသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီး တူကီယေးအနေဖြင့် အချိန်ကျလာပါက လိုအပ်သည်များကို ပြုလုပ်ရင်ဆိုင်ရန်အသင့်ရှိနေသည်ဟူသော ကြေငြာချက်နှင့်ပတ်သက်၍ ဥရောပသမဂ္ဂကစိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

“တင်းမာမှုလျှော့ချရေးမှာ တာဝန်အရှိဆုံးကတော့ တင်းမာမှုဖြစ်စေခဲ့တဲ့ တူကီယေးကအဓိကပါပဲ” ဟု Dendias ကပြောကြားခဲ့သည်။

ထို့ပြင်၎င်းက ကိုယ်ရေးကိုယ်တာစော်ကားမှုများအပါအဝင် မှားယွင်းပြီးအခြေအမြစ်မရှိသော စွပ်စွဲချက်များဖြင့် ရန်စမှုများ ပိုများလာသည့်အတွက်လည်း အန်ကာရာကိုအပြစ်တင်ခဲ့သည်။တူကီယေးသည် ဂရိလေပိုင်နက်ကို ချိုးဖောက်ပျံသန်းမှုများလည်း သိသိသာသာတိုးမြင့်လာသည်ဟုလည်း Dendias က Proto Thema သတင်းစာသို့ ပြောကြားခဲ့သည်။

ဂရိသည် သံတမန်ရေး၊နိုင်ငံရေးနှင့်စစ်ရေးအရ တန်းတူညီမျှအပြန်အလှန်ပြောဆို‌ဆွေးနွေးသူမျိုးမဖြစ်နိုင်ဟု တူကီ‌ယေး၏ပြောဆိုချက်များသည် နိုင်ငံခြားဆက်ဆံရေး၏ အခြေခံစည်းမျဉ်းဖြစ်သော နိုင်ငံအချင်းချင်း တန်းတူညီမျှရေးမူကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

“ဒါဟာ နိုင်ငံအသီးသီးကို အဆင့်သတ်မှတ်ပြီး အနည်းနဲ့အများ စော်ကားဖို့ကြိုးစားခြင်းတစ်ခုပါပဲ” ဟုလည်း Dendias က ပြောကြားခဲ့သည်။

Source -Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here