ဘိုကလေးမြို့နယ်တွင် ဓားဖြင့်ခုတ်၊တုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်၊ဖုန်းနှင့်ငွေကျပ် ၃ သိန်းအား လုယက်ယူဆောင်သွား

0
516

ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်၊ကဒုံကနိ-ကြိမ်ချောင်း-ဘိုကလေးသွားကားလမ်းတွင် အောက် တိုဘာ ၂ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီကျော်ခန့်က မော်လမြိုင်ကျွန်းမြို့နယ်နေ ဦးတင်နိုင်ဝင်း(၄၈)နှစ်သည် အသက်(၈)နှစ်နှင့်(၁၁)နှစ်အရွယ် ကလေးငယ် ၂ ဦးအားတင်ဆောင်၍ ဘိုကလေးမြို့ဘက်မှကြိမ်ချောင်းကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ကဒုံကနိ-ကြိမ်ချောင်း-ဘိုကလေးသွားကားလမ်း ၏ ကဒုံကနိသစ်တောကြိုးဝိုင်းရှိ မီးသွေးချောင်းတံတားအနီးအရောက် ကားလမ်းပေါ်တွင် ငှက် ကြီးတောင်ဓားများကိုင်ဆောင်ထားသည့် အမည်မသိအမျိုးသား ၅ ဦးအနက် ၁ ဦးက ဆိုင်ကယ်ရှေ့ဘီးဒလက်ကြားသို့ သစ်သားတုတ်အားထိုးထည့်ခဲ့သည်။

ဆိုင်ကယ်တိမ်းမှောက်သွားစဥ် ဦးတင်နိုင်ဝင်း၏ ရင်ဘတ်အားတုတ်ဖြင့်ရိုက်ကာ ခေါင်းကိုလည်းဓားနှင့်ခုတ်ခဲ့သဖြင့် ဆိုင်ကယ်ဦးထုတ်ကွဲပြီး ဦး ခေါင်း၌(၁)လက်မခွဲခန့် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမည်မသိအမျိုးသား ၅ ဦးသည် ဆိုင်ကယ်၊ကီးပတ်ဖုန်းနှင့်ငွေကျပ် ၃ သိန်းတို့အား မီးသွေးချောင်းတံတားတွင် အသင့်ကပ်ထားသည့် ဖိုက်ဘာသင်္ဘောပေါ်လုယက်တင်ဆောင်၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် (ပ)၃၁/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ(၃၉၇)ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here