အတက်ကြမ်း အကျကြမ်းနေသည့် ရွှေဈေး ယနေ့ (၂) သိန်းကျော် ပြန်တက်၊ ဒေါ်လာဈေး ၂၈၅၀ ဝန်းကျင် ပြန်ရောက်

0
467

အောက်တိုဘာလဆန်း ဈေးကွက်ဖွင့်ချိန်တွင် ရွှေဈေး (၂) သိန်းကျော် ပြန်တက်ပြီး ဒေါ်လာဈေး ၂၈၅၀ဝန်းကျင်သို့ ပြန်ရောက်ရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စက်တင်ဘာ လကုန်ပိုင်းတွင် တစ်ပတ်နီးပါး အကျဘက်သို့ ရောက်ခဲ့သည့် ရွှေဈေးနှုန်းမှာ ယနေ့ အောက်တိုဘာ (၃) ရက်ဈေးကွက်ဖွင့်ချိန်တွင် (၂) သိန်းကျော် ပြန်တက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်တပတ် ဈေးကွက်ပိတ်ချိန်တွင် အခေါက်ရွှေ တစ်ကျပ်သား (၂၂၇၀၀၀၀) ကျပ်အထိ ဈေးကျခဲ့ရာမှ ယနေ့ နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် (၂၅၅၀၀၀၀) ကျပ်အထိ ပြန်တက်လာခြင်း ဖြစ်သည်။

” ဒီနေ့က ဈေးကွက် ဖွင့်ရက်ဆိုတော့ အရောင်းအဝယ်လိုက်အောင် ဈေးဆွဲတင်ကြတာပေါ့။ ဒေါ်လာဈေးလည်း ထိုနည်း လည်းကောင်းပေါ့။ ဒါပေမဲ့ ဝယ်လိုအား ရောင်းလိုအား အပေါ်မူတည်ပြီးပဲ ဈေးနှုန်းက အပြောင်းအလဲ ဖြစ်မှာပါ။ အများကြီးတော့ ထပ်တက်မယ့်ပုံစံမရှိဘူးလို့ ထင်ပါတယ်” ဟု ရန်ကုန်မြို့မှ ရွှေလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

ယနေ့ ဈေးကွက် ပေါက်ဈေးအရ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျင် ဝယ်ဈေး ၂၅၀၀၀၀၀ ကျပ် ဝန်းကျင်ရှိပြီး ရောင်းဈေးမှာ ၂၅၅၀၀၀၀ ကျပ် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရွှေအရောင်းကောင်တာတစ်ခုမှ သိရသည်။

ထို့အပြင် ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျင် ရောင်းဈေး (၂၄) သိန်းကျပ်ဝန်းကျင်ဖြစ်ပြီး ဝယ်ဈေးမှာ (၂၃၅၀၀၀ဝ) ကျပ် ဝန်းကျင် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်း ၂၃၀၀ ဝန်းကျင်အထိ ကျဆင်းသွားသည့် ပြည်တွင်း ဒေါ်လာငွေလဲနှုန်းမှာလည်း ယ နေ့ အောက်ဆိုဘာ (၃) ရက်တွင် (၂၈၅၀) ကျပ်ဝန်းကျင်သို့ ပြန်လည်မြင့်တက်သွားကြောင်း ပြည်တွင်း ငွေလဲဈေးကွက်အတွင်းမှ သိရသည်။

ဗဟိုဘဏ်အနေဖြင့် ဒေါ်လာဈေးနှင့် ရွှေဈေးကျဆင်းပြီး တန်ဖိုးကျဆင်းနေသည့် ကျပ်ငွေ တန်ဖိုးကို အတိုင်းအတာ တစ်ခုအထိ ပြန်လည်ဆွဲတင်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြောကြားထားသည်။

ပြီးခဲ့သည့် လအတွင်းက စက်သုံးဆီ တင်သွင်းသူများအား ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထုတ်ချေးကာ ဒေါ် လာဈေး ထိန်းချုပ်ရန် ကြိုးစားခဲ့ပြီး စက်သုံးဆီ တင်သွင်းသူများအနေဖြင့် ဆီဖိုးငွေပေးချေရာတွင် ဒေါ်လာအ စား တရုတ်ယွမ်ဖြင့်ပါ ပေးချေ‌နိုင်ကြောင်း ယခုရက် ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့သေးသည်။

ထို့ပြင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနမှလည်း ရွှေဒင်္ဂါးပြားများ ထုတ်ရောင်းခြင်း ၊ ရွှေစင် ရွှေတုံးများကို လေလံပစ်ခြင်း စသည့်နည်းလမ်းများဖြင့် ‌ဈေးကွက်အတွင်းမြင့်တက်နေသည့် ရွှေဈေးနှုန်းကို ထိန်း ချုပ်ရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန်ထိ ရွှေဈေးနှုန်းမှာ တည်ငြိမ်ခြင်းမရှိသေးဘဲ အတက်အကျမြင့်မားနေဆဲ ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here