အင်ဒိုနီးရှားက မာလန်ဘောလုံးကွင်းရှိ ဖြစ်ရပ်ဆိုးအား စုံစမ်းစစ်ဆေးသွားမည်ဟု ကြေညာ

0
176

အင်ဒိုနီးရှားနိုင်ငံသည် ကလေးငယ်များအပါအဝင် လူပေါင်း ၁၂၀ ကျော်အား သေဆုံးစေခဲ့သည့် မာလန်ဘောလုံးကွင်းရှိ လူအုပ်ပိသေဆုံးမှု ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန်အတွက် သီးခြားလွတ်လပ်သော ဖြစ်ရပ်မှန် စုံစမ်း ဖေါ်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်သည်။

အင်ဒိုနီးရှား၏ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး Mahfud MDက ယခုဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မာလန် ဘောလုံးကွင်းတွင် ဖြစ်ပျက်ခဲ့သည်များကို စုံစမ်းပြီး ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်သွားရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

စနေနေ့ညက အင်ဒိုနီးရှား ဘောလုံးလိဂ်အသင်းများဖြစ်သော အာရီမာအသင်းနှင့် ပါဆီဘာရာဆူယာဘာယာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲစဉ်အပြီး ရှုံးနိမ့်သွားသည့် အာရီမာအသင်း၏ ပရိသတ်များက ကွင်းအတွင်းသို့ ပြေးဝင်လာခဲ့ပြီးနောက် အဆိုပါ ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်လာခဲ့ခြင်းသည်။

ပရိသတ်များ ကွင်းထဲသို့ အပြေးအလွှား ဝင်ရောက်လာခြင်းကြောင့် ရဲများက မျက်ရည်ယိုဗုံးများ ပစ်ခတ်ခဲ့ရာ ပွဲကြည့်ပရိသတ်များ ထိတ်လန့်တကြား ဖြစ်ခဲ့ပြီး ဂိတ်ပေါက်ဝသို့ ရုန်းရင်းဆန်ခတ် ထွက်ပြေးခဲ့သည်။

အဆိုပါ ရုတ်ရင်းဆန်ခတ်ဖြစ်မှုကြား လူအချို့မှာ အသက်ရှုကြပ်၍ သေဆုံးခဲ့ပြီး အချို့မှာ အချင်းချင်းတက် နင်းမိကာ သေဆုံးခဲ့သည်။ သေဆုံးသူများတွင် ရဲသား နှစ်ဦးနှင့် ကလေးငယ် ၁၇ ဦးပါဝင်ကြောင်း သိရသည်။

သမ္မတ ဂျိုကို ဝီဒိုဒိုက အဆိုပါဖြစ်ရပ်ဆိုးအား စုံစမ်းစစ်ဆေးရန်၊ ဘောလုံးပွဲစဉ် အားလုံး၏ ဘေးကင်းလုံခြုံရေးကို ပြန်လည်သုံးသပ်ရန်နှင့် လုံခြုံရေး မြှင့်တင်ရန် အမိန့်ပေးခဲ့ပြီး ဤဘောလုံးပွဲ ဖြစ်ရပ်ဆိုးသည် မိမိတိုင်းပြည်၌ နောက်ဆုံးအကြိမ်ဖြစ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ အူစမန် ဟာမဒ်က ဘောလုံးကွင်း၌ မျက်ရည်ယိုဗုံးအသုံးပြုမှုနှင့် ပတ်သက်၍ စေ့စပ်မြန်ဆန်ပြီး လွတ်လပ်သော စုံစမ်းမှုများ ပြုလုပ်ကာ အပြစ်ရှိကြောင်း တွေ့ရှိသူများကို အများပြည်သူ‌ေရှ့‌ေမှာက်၌ တရားရုံးတင် စစ်ဆေးပြီး အပြစ်ပေးအရေးယူရန် အာဏာပိုင်များကို တောင်းဆိုထားသည်ဟု ဆိုသည်။

အားကစားကွင်းများအတွင်း မျက်ရည်ယိုဗုံးများ အသုံးပြုခြင်းကို တားမြစ်ထားသည့် အားကစားရေးရာ အုပ်ချုပ်ရေးအဖွဲ့ကလည်း ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အစီရင်ခံစာကို အင်ဒိုနီးရှားအာဏာပိုင်များထံမှ တောင်းဆိုခဲ့သည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here