ရေမှတဆင့်ကူးစက်သည့်ရောဂါများ ပြန့်ပွားနေသဖြင့် ပါကစ္စတန်ဆေးရုံ၌လူနာများပြည့်နေ

0
304

ဆယ်ဟွမ်၊အောက်တိုဘာ ၃

ပါကစ္စတန်တောင်ပိုင်း ဆယ်ဟွမ်မြို့ရှိ အစိုးရဆေးရုံ၏ အရေးပေါ်ဌာန၌ လူနာများပြည့်လျှံနေကာ ဆယ်စုနှစ်များစွာအတွင်း နိုင်ငံ၏အဆိုးရွားဆုံးရေကြီးမှုဖြစ်ပွားပြီးနောက် ရေကြီးမှု၏နောက်ဆက်တွဲဖြစ်သည့် ငှက်ဖျားရောဂါနှင့်အခြားဖျားနာမှုများကြောင့် ရာနှင့်ချီသောလူများသည် ဆေးရုံ၏အခန်းများနှင့် စင်္ကြံလျှောက်လမ်းများတွင်ပါ ပြည့်ကျပ်နေပြီး ကုသမှုခံယူရန်စောင့်ဆိုင်းနေကြသည်။

“ကျွန်တော်တို့အနေနဲ့ အရင်ထက်ပိုအလုပ်များလာပါတယ်၊ကိုယ့်ဘာသာဗိုင်းခနဲပဲလဲကျတော့မလိုလို၊အကြောဆေးပဲပြေးသွင်းရတော့မလိုလိုတောင်ခံစားရပါတယ်” ဟု ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ Ahmed က ဆေးရုံကန်တင်း၌‌ခေတ္တအနားယူစဉ်ပြောကြားခဲ့သည်။

“ဒါပေမဲ့အဲ့ဒီလူနာတွေရဲ့ ဆုတောင်းမေတ္တာတွေ၊သူတို့ပေးတဲ့ခွန်အားတွေနဲ့ပဲ ကျွန်တော်တို့ဆက်လျှောက်နေရတာပါ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ဒေါက်တာ Ahmed သည် ပါကစ္စတန်တောင်ပိုင်းမှ လူနာများ၏ ဖျားနာမှုနှင့်သေဆုံးမှုကို ထိန်းချုပ်ရာ၌ ရှေ့တန်းမှဦး‌ဆောင်သည့်ဆရာဝန်တစ်ဦးဖြစ်သည်။ပါကစ္စတန်နိုင်ငံသည် ဒီရေကြီးမှုကြောင့် လူပေါင်းသန်း ၂၂၀ ရှိသည့်အနက် လူပေါင်း ၃၃ သန်းခန့် ထိခိုက်ခဲ့သည်။

မနက်တိုင်းရောက်လာလေ့ရှိသည့် ခန့်မှန်းခြေ လူနာ ၃၀၀ – ၄၀၀ ခန့်အနက် အများစုသည်ကလေးများဖြစ်ပြီး ငှက်ဖျားနှင့် ဝမ်းပျက်ရောဂါများကြောင့်ဖြစ်သည်။ ဆောင်းဝင်ခါနီးလာသဖြင့် ဒေါက်တာအာမတ်သည် အဆိုပါလူနာများ ကိုအခြားရောဂါများပါ ထပ်မံကူးစက်သွားမည်ကိုလည်း စိုးရိမ်လျက်ရှိသည်။

“ရေကြီးမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပြည်သူတွေ ဆောင်းရာသီမတိုင်ခင် နေရပ်ပြန်နိုင်ဖို့ မျှော်လင့်မိပါတယ်၊ အဲ့လိုမှမဟုတ်ရင် ယာယီရွက်ဖျင်တဲတွေမှာနေထိုင်ရတဲ့အပြင် ဆောင်းပါဝင်လာတာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အဆုတ်ရောင်ရောဂါတွေကို ကြုံတွေ့ရပါလိမ့်ဦးမယ်” ဟု ၎င်းကဆိုသည်။

ယခုအခါထောင်ပေါင်းများစွာသော ပါကစ္စတန်ပြည်သူများသည် အိုးအိမ်စွန့်ခွာပြေးလာရပြီး အစိုးရစီစဉ်ပေးထားသည့် ယာယီစခန်းများတွင်နေထိုင်ကြရသည်။အချို့နေရာများတွင် ရေကြီးမှုပြီးဆုံးရန် အချိန်နှစ်လမှခြောက်လအထိကြာမြင့်မည်ဖြစ်ကြောင်းသိရှိရပြီး အရေပြားနှင့်မျက်စိပိုးဝင်ခြင်း၊ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားရောဂါ၊ တိုက်ဖွိုက်နှင့် သွေးလွန်တုပ်ကွေးရောဂါများလည်း ပျံ့နှံ့ဖြစ်ပွား‌နေခဲ့သည်။

ပါကစ္စတန်၌ မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေခဲမြစ်များအရည်ပျော်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁,၇၀၀ နီးပါး သေဆုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကန်ဒေါ်လာဘီလီယံ ၃၀ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး အစိုးရနှင့်ကုလသမဂ္ဂတို့က ရာသီဥတုပြောင်းလဲမှုသည် ယခုလိုကပ်ဆိုးကြီးကိုဖြစ်‌စေသည်ဟုအပြစ်တင်ခဲ့ကြသည်။

သေဆုံးသူထောင်ကျော်အနက် ၃၄၀ ကျော်သည် ရေကြီးမှုနောက်ဆက်တွဲရောဂါများကြောင့်ဖြစ်သည်ဟုလည်း အာဏာပိုင်များကဆိုသည်။ဆစ်ခ် ပြည်နယ်ကျန်းမာရေးဌာန၏အဆိုအရ၊ အဆိုးရွားဆုံးထိခိုက်သည့်ဒေသတွင် ဇူလိုင်လ ၁ ရက်မှစပြီးငှက်ဖျားရောဂါဖြစ်ပွားမှု ၁၇,၂၈၅ ခုရှိသည်ဟုအတည်ပြုခဲ့သည်။

ရေကြီးရေလျှံမှု၏ ကယ်ဆယ်ရေးအဆင့်ပြီးနောက် ရောဂါဖြစ်ပွားမှုအန္တရာယ်ကို ကြိုတင်မျှော်မှန်းကာ ဆစ်ခ်ပြည်နယ်အစိုးရက အန္တရာယ်အများဆုံးခရိုင်များတွင် ကျန်းမာရေးကျွမ်းကျင်သူဝန်ထမ်း ၅,၀၀၀ ကျော်ကို ယာယီခန့်အပ်ရန် ကြိုးပမ်းနေသည်ဟုသိရှိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း နိုင်ငံတဝန်း (အထူးသဖြင့် ဆစ်ခ်) တွင်ပြန့်ပွားလာမည့် ရေမှတဆင့်ကူးစက်သောရောဂါများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here