နိုင်ငံတကာမှ ငွေကြေးနှင့် နည်းပညာအထောက်အပံ့များ ရရှိခြင်းမရှိပါကလည်း  မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ခုနှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့ချနိုင်ရေးကို အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီးဦးစိုးလင်းဟန်ပြော

0
253

နိုင်ငံတကာမှ ငွေကြေးနှင့် နည်းပညာအထောက်အပံ့များ ရရှိခြင်းမရှိပါကလည်း  မြန်မာနိုင်ငံအနေဖြင့် မိမိတို့ မျှော်မှန်းထားသည့်အတိုင်း ၂၀၃၀ ခုနှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့ချနိုင်ရေးကို အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က ပြောသည်။

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၊ အာဆီယံနိုင်ငံသံရုံးများကကြီးမှူး၍ အာဆီယံ -အီးယူ မဟာဗျူဟာမြောက် ဆက်ဆံရေး မြှင့်တင်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ  ၃၀ ရက်က ဘရပ်ဆဲလ်မြို့ရှိ The Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးလင်းဟန် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပြီး ပြောကြားခဲ့ခြင်းလည်းဖြစ်သည် 

အဆိုပါဆွေးနွေးပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ ပြုလုပ်ခဲ့ပြီး ပထမပိုင်းဖြစ်သည့်  အစိမ်းရောင်နှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှု “Green and sustainable growth” ၊ ဒုတိယပိုင်းဖြစ်သည့် ပေါင်းစည်းဆက်သွယ်မှု ‘Connectivity’ နှင့် တတိယပိုင်းဖြစ်သည့်  စဉ်ဆက်မပြတ် ကုန်သွယ်မှုနှင့် ထောက်ပံ့ဖြည့်တင်းရေး ကွင်းဆက်၏ ပြန်လည်ရုန်းထနိုင်စွမ်း “Sustainable Trade and Supply Chain Resilience” တို့အပေါ် အလေးထား ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲတွင်  အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများဖြစ်သည့် ထိုင်းနိုင်ငံ သံအမတ်ကြီး၊ မလေးရှားနိုင်ငံ သံအမတ်ကြီးနှင့် ဗီယက်နမ်နိုင်ငံသံအမတ်ကြီးတို့က moderators များအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အီးယူအဖွဲ့အစည်းများမှ အဆင့်အမြင့် အရာရှိကြီးများနှင့် ပညာရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။ 

မြန်မာနိုင်ငံသည် မူဝါဒ၊ မူဘောင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အဓိက နိုင်ငံတကာစာချုပ်များကို လက်မှတ်ရေးထိုး အတည်ပြုထားခြင်းတို့ကြောင့် BAU (Business as Usual) scenario အရ ခန့်မှန်းထားသည့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်နိုင်မှုကို ၂၀၃၀ ပြည့်နှစ်တွင် လျှော့ချနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု၊ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များရရှိပါက ရည်မှန်းချက်ထက်ကျော်လွန်၍ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံတကာမှ ငွေကြေးနှင့် နည်းပညာအထောက်အပံ့များ ရရှိခြင်းမရှိပါကလည်း မြန်မာနိုင်ငံအနေဖြင့် မိမိတို့ မျှော်မှန်းထားသည့်အတိုင်း ၂၀၃၀ ခုနှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့ချနိုင်ရေးကို အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာသံအမတ်ကြီးက ဆွေးနွေးပွဲ ပထမပိုင်းဖြစ်သည့် အစိမ်းရောင်နှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှု အပိုင်းကို ဝင်ရောက်ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသည် အာဆီယံ သံအမတ်ကြီးများနှင့် အီးယူအဖွဲ့အစည်းများမှ တာဝန်ရှိသူများအကြား mutual interest ဘာသာရပ်များအပေါ် ၌ အမြင်ချင်းဖလှယ်နိုင်ရေး နှင့် အာဆီယံ-အီးယူ မဟာဗျူဟာမြောက် ဆက်ဆံရေးမြှင့်တင်မှုကို ရှေးရှုရာ၌ ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများနှင့် အခွင့် အလမ်းများကို ရှာဖွေနိုင်မှုရေးအပေါ် အမြင်ချင်းဖလှယ်သွားရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

စကားဝိုင်းသို့ ဥရောပကောင်စီ၊ ဥရောပကော်မရှင်၊ ဥရောပပါလီမန်၊ ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးဌာန (EEAS) တို့မှ တာဝန်ရှိသူများ၊ ဘရပ်ဆဲလ်မြို့ အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံရုံး အကြီးအကဲများနှင့် တာဝန်ခံအရာရှိများနှင့် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ ASEANCHAM-EU နှင့် အခြား အာဆီယံ-အီးယူ နှစ်နိုင်ငံဆက်ဆံရေးနှင့် စပ်လျဉ်းသည့် think-tank အဖွဲ့အစည်းများမှ ပညာရှင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here