ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေးသို့ နိုင်ငံ့ခေါင်းဆောင် ၉၀ ခန့်တက်ရောက်မည်ဟုဆို

0
229

ကိုင်ရို၊အောက်တိုဘာ ၄

အီဂျစ်နိုင်ငံ၌နိုဝင်ဘာလတွင်ကျင်းပမည့် COP27 ရာသီဥတုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ နိုင်ငံ့ခေါင်းဆောင် ၉၀ ခန့်တက်ရောက်မည်ဖြစ်ကြောင်းအတည်ပြုခဲ့ပြီး ဖွင့်ပွဲတွင် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာစွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲလောင်စာစွမ်းအင်သို့ကူပြောင်းမှု နှင့် စားနပ်ရိက္ခာဖူလုံမှုပြဿနာများကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း အီဂျစ်အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၃ ရက် တနင်္လာနေ့ကပြောကြားခဲ့သည်။

“ကမ္ဘာတစ်ဝန်းကခေါင်းဆောင်တွေဆီကနေ အခုပွဲကိုတက်ရောက်ဖို့အတည်ပြုချက်တွေကိုလက်ခံရရှိထားပါတယ်၊နောက်ဆုံးရေတွက်မှုအရဆိုရင်တော့ နိုင်ငံ့ခေါင်းဆောင်ပေါင်း ၉၀ လောက်ထိရှိနေပြီး ဆက်လက်စာရင်းပေးနေသေးတဲ့နိုင်ငံတွေလဲရှိနေပါသေးတယ်” ဟု COP27 ပွဲ၏အထူးကိုယ်စားလှယ်ကပြောကြားခဲ့ပြီး နိုင်ငံအမည်များကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

အီဂျစ်သည်ဗြိတိန်မှကုလသမဂ္ဂ၏ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲ၏ဥက္ကဌတာဝန်ကိုယူထားခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲကို နိုဝင်ဘာ ၆ ရက်မှ ၁၈ ရက်အထိ အီဂျစ်ပင်လယ်နီအပန်းဖြေစခန်း Sharm el – Sheikh တွင် လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။

နိုဝင်ဘာ ၇ ရက်မှ ၈ ရက်အထိပြုလုပ်မည့်ဆွေးနွေးပွဲတွင် အစိမ်းရောင်ဟိုက်ဒရိုဂျင်၊ရေနှင့်စားနပ်ရိက္ခာဖူလုံမှုဖွံ့ဖြိုးတိုးတက်ရေး၊ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များနှင့် အားနည်းသောအသိုက်အဝန်းများက စွမ်းအင်အကူးအပြောင်းစနစ် အောင်မြင်စွာ‌စေရန်ဆွေးနွေးမှုများပါဝင်မည်ဟု မစ္စတာ Aboulmagd ကပြောကြားခဲ့သည်။

အီဂျစ်သည် ရာသီဥတုနှင့်ဆက်နွယ်သော သဘာဝဘေးဒဏ်ခံစားနေရသည့် နိုင်ငံများအတွက် ပျက်ဆီးဆုံးရှုံးမှုများကို လျော်ကြေးငွေမည်သို့ပေးဆောင်ရမည်ကို ထိပ်သီးအစည်းအဝေးအစီအစဉ်တွင်လုပ်ဆောင်နေကြောင်းသိရှိရပြီး ပြီးခဲ့သည့်နှစ်က ဂလော့စ်ဂို၌ကျင်းပသည့် COP26 တွင်မူ အမေရိကန်နှင့်ဥရောပသမဂ္ဂသည် ထိုဆုံးရှုံးများအတွက်လျော်ကြေးပေးရန် ရန်ပုံငွေတောင်းဆိုမှုကိုမူပယ်ချခဲ့သည်။

Source -Reuters / Ec


LEAVE A REPLY

Please enter your comment!
Please enter your name here