ဒုံးကျည်များမဆင်မခြင်ပစ်လွှတ်မှုအတွက် မြောက်ကိုရီးယားကိုအမေရိကရှုံ့ချပြီး တုံ့ပြန်မှုအတွက်သတိပေး

0
197

ဝါရှင်တန်၊အောက်တိုဘာ ၄

အမေရိကသည် မြောက်ကိုရီးယား၏ပဲ့ထိန်းဒုံးကျည် ဂျပန်ကိုဖြတ်ပြီးပစ်လွှတ်ခဲ့မှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ပြုံယမ်း၏ လက်နက်များတိုးမြှင့်ထုတ်လုပ်သော ခြိမ်းခြောက်မှုအပါအဝင် မဆင်မခြင်လုပ်ရပ်များအားလုံးကိုပြတ်ပြတ်သားသားတုံ့ပြန်သွားမည်ဟု သတိပေးခဲ့သည်။

“အမေရိကန်ပြည်ထောင်စုသည် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ အန္တရာယ်ရှိသည့် မဆင်မခြင်ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ရှုံ့ချပါသည်” ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီမှပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် မစ္စ Adrienne Watson ကထုတ်ပြန်ချက်တွင်ပြောကြားခဲ့ပြီး ယခုတစ်ခေါက်မြောက်ကိုရီးယား၏ ပစ်လွှတ်မှုသည်တာဝေးပစ်အမျိုးအစားဖြစ်သည်ဟု ဝါရှင်တန်ကသုံးသပ်ကြောင်းပြောကြားခဲ့သည်။

“ယခုလုပ်ဆောင်ချက်သည် မတည်ငြိမ်မှုကိုဖြစ်ပေါ်စေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် နိုင်ငံတကာဘေးကင်းရေးစံနှုန်းတွေကိုပါ မြောက်ကိုရီးယားကဂရုမစိုက်ဘဲ ဗြောင်ကျကျချိုးဖောက်နေတာကိုပြသနေပါတယ်” ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏ အရှေ့အာရှဆိုင်ရာ ထိပ်တန်းသံတမန် Daniel Kritenbrink ကမူ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများများပြားလာနေသည့်အပေါ် အမေရိကသည် ပြတ်ပြတ်သားသားတုံ့ပြန်သွားမည်ဟု အွန်လိုင်းတွေ့ဆုံပွဲတစ်ခုတွင်ပြောကြားခဲ့ပြီး ဂျပန်နှင့်တောင်ကိုရီးယားအပေါ် အမေရိကန်၏ကာကွယ်ရေးကတိကဝတ်များဆက်လက်ရှိနေရန်လည်း အလေးပေးပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၁၇ ခုနှစ်စက်တင်ဘာလက ဂျပန်ကျွန်းစုကိုဖြတ်ကျော်ကာ ပထမဆုံးဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အနေဖြင့် ယနေ့အင်္ဂါနေ့နံနက်ကလည်း ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းကို ဖြတ်ကျော်၍ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့သည်။ အဆိုပါပစ်လွှတ်မှုကြောင့် ဒေသခံများအားအကာအကွယ်များဖြင့်နေထိုင်ရန် အစိုးရကသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းများလည်း ယာယီရပ်နားလိုက်ရသည်။

ယခုနှစ်ဇန်နဝါရီလကတက်လာသော သမ္မတဘိုင်ဒင်၏အစိုးရသည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားလုံးဝကင်းစင်ရေးပန်းတိုင်ဆီသို့ရောက်ရှိရန်အတွက် မြောက်ကိုရီးယားနှင့်သံတမန်ရေးအရညှိနှိုင်းရန် လမ်းဖွင့်ထားပေးပြီး နှစ်ဖက်ချိန်ညှိကာ လက်တွေ့ကျသောချဉ်းကပ်မှုတစ်ခု ပြုလုပ်လိုက်နာမည်ဟုလည်း ကတိပြုခဲ့သည်။

မြောက်ကိုရီးယားသည် ယခုနှစ်များအတွင်း ၎င်း၏ပထမဆုံးနျူကလီးယားစမ်းသပ်မှုကိုပြုလုပ်ရန် ပြင်ဆင်နေမှုနှင့်ပတ်သက်၍လည်း အမေရိကန်နှင့်၎င်း၏မဟာမိတ်များက စိုးရိမ်လျက်ရှိပြီး ထိုသို့သောလုပ်ရပ်သည် ပြင်းထန်မှုများတိုးမြင့်လာနိုင်သည်ဟုလည်း Kritenbrink ကသတိပေးခဲ့သည်။

Source : kyodonews


LEAVE A REPLY

Please enter your comment!
Please enter your name here