မန္တလေးတွင် အဌားကားမောင်းသူအားသတ်ဖြတ်၍ ကားလုယက်ယူဆောင်သွားသူကို ၂ ရက်အတွင်းဖမ်းဆီးရမိ

0
426

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၌ အဌားကားမောင်းသူအားသတ်ဖြတ်၍ ကားလုယက်ယူဆောင်သွားသည့် ကျော်သီဟ(ခ)တရုတ်ကြီး (၂၅)နှစ်အား အောက်တိုဘာ ၃ ရက်ညပိုင်းတွင် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ်ကွက်၊ ၆၇ လမ်းနှင့်စက်မှုပန်းခြံလမ်းကြား၌ အောက်တိုဘာ ၂ ရက်ည ၈ နာရီခန့်က ကိုပြည့်စုံထွန်း(၃၀)နှစ်(အဌားကားမောင်းသူ)သည် ဝဲရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်၊ယာခြေသလုံးထိုးသွင်းဒဏ်ရာတစ်ချက်တို့ဖြင့်သေဆုံးနေကာ ကားမှာလည်းပျောက် ဆုံးနေ၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရန် စက်မှုနယ်မြေရဲစခန်းက (ပ)၂၅၅/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့သည်။

၎င်းအား ယင်းနေ့နံနက် ၈ နာရီခန့်က ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၅၄ လမ်းကြားရှိ “ရွှေသိင်္ဂီ”တည်းခိုခန်းတွင်တည်းခိုနေသူတစ်ဦးမှ မြို့တွင်းဘုရားဖူးရန်ကားငှားသဖြင့် CC-4268 TOYOTA MARK II ကားဖြင့်လိုက်ပါပို့ဆောင်ပေးရာမှ အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

လုံခြုံရေးအဖွဲ့ဝင်များက“ရွှေသိင်္ဂီ”တည်းခိုခန်းသို့ သွားရောက်စစ်ဆေးရာ ကိုကျော်သီဟ ဆိုသူသည် ၎င်း၏မိသားစုနှင့်အတူ ယင်းနေ့ည ၆ နာရီက CC-4268 TOYOTA MARK II ကားအားမောင်းနှင်၍ပြန်လည်ရောက်ရှိလာပြီး အခန်းခများရှင်း၍ ထွက်ခွာသွားကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် အောက်တိုဘာ ၃ ရက်ညနေ ၅ နာရီတွင် လုံခြုံရေးအဖွဲ့ဝင်များက တောင်ကြီးမြို့ ၊ညောင်ဖြူစခန်းရပ်ကွက်၊အနောက်မြို့ပတ်လမ်းရှိ ကားရေဆေးဆိုင်အတွင်း၌ကားအား တွေ့ရှိရပြီး စီးနင်းလာသူများသည် အနောက်မြို့ပတ် လမ်းပေါ်ရှိ “လစ်ဗင်းကာလာ”တည်းခိုခန်း၏ အခန်းအမှတ်(၂၀၂)၌တည်းခိုနေကြောင်း စုံစမ်း သိရှိခဲ့ရသည်။

အခန်းအတွင်းဝင်ရောက်ရှာဖွေခဲ့ရာ ကျော်သီဟ (ခ)တရုတ်ကြီး၏ ဇနီးဖြစ်သူမဝေဝေနွယ်နှင့် သားဖြစ်သူတို့အားတွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ကျော်သီဟ(ခ)တရုတ်ကြီးအား ည ၈ နာရီ ၄၅ မိနစ်တွင် ယင်း တည်းခိုခန်းအပေါ်ထပ် ရေတိုင်ကီအတွင်းမှဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့သည့် အကြောင်းရင်းနှင့်ပြစ်မှုကျူးလွန်ပုံတို့ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ပြစ်မှုကျူးလွန်သူနှင့်အတူ လုယက်ယူဆောင်သွားသည့် CC-4268 TOYOTA MARK II ကား၊ ကားနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ကိုပြည့်စုံထွန်း၏ မှတ်ပုံတင်၊ကားလိုင်စင်နှင့်အဝတ် အထည်များကိုလည်း ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here