ဟိမဝန္တာ၌ နှင်းတောင်/ရေခဲတောင်များပြိုကျမှုကြောင့် လေးဦးသေဆုံးပြီးအများအပြားပျောက်ဆုံးနေ

0
406

လက်ခ်နောင်း၊အောက်တိုဘာ ၄

အိန္ဒိယမြောက်ပိုင်း ဟိမဝန္တာတောင်တန်း၌ အောက်တိုဘာ ၄ ရက် အင်္ဂါနေ့ကတောင်တက်သမား ၄၁ ဦးသည် နှင်း‌ေတာင်/ရေခဲတောင်ပြိုကျမှုကြောင့် အနည်းဆုံးလေးဦးသေဆုံးပြီး အများအပြားပျောက်ဆုံးနေသေးသည်ဟု အိန္ဒိယမြောက်ပိုင်းရှိ တောင်တက်အဖွဲ့အစည်းတစ်ခု၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါအဖွဲ့တွင် တောင်တက်သင်တန်းသား ၃၄ ဦးနှင့်သင်တန်းပို့ချသူ ၇ ဦးပါဝင်ပြီး ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်တွင် နှင်း‌ေတာင်ပြိုကျမှုနှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်းဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

ပြည်နယ်နှင့်နိုင်ငံအဆင့် သဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အိန္ဒိယလေတပ်မှတာဝန်ရှိသူများက အဆိုပါနေရာအား ပိုက်စိပ်တိုက်ရှာဖွေမှုများပြုလုပ်စဉ် ရုပ်အလောင်းလေးလောင်းအားတွေ့ရှိခဲ့ရသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တောင်တက်ကျောင်းဖြစ်သည့် နေရူးတက္ကသိုလ်ကထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အိန္ဒိယလေတပ်က အခုဖြစ်စဉ်ဖြစ်ခဲ့တဲ့တောင်ကိုဝေဟင်ကနေရှာဖွေမှုတွေပြုလုပ်နေပါတယ်၊တကယ်အခင်းဖြစ်ပွားရာနေရာကိုတော့ ရောက်ဖို့မလွယ်လို့ကြိုးစားနေပါတယ်” ဟု Uttarakhand ရဲချုပ် Ashok Kumar က ရိုက်တာသတင်းဌာနသို့ဖုန်းဖြင့်ဖြေကြားခဲ့သည်။

တောင်တက်အသင်းမှအရာရှိ Vishal Ranjan က သေဆုံးသူလေးဦးရှိကြောင်းအတည်ပြုခဲ့ပြီး ဒေသတွင်းမိုးသည်းထန်စွာရွာသွန်းမှုနှင့် ဆီးနှင်းများကျဆင်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများအား ယခုအချိန်အထိရပ်တန့်ထားရကြောင်း ပြောကြားခဲ့သည်။

Uttarkashi ရှိ နေရူးတောင်တက်အဖွဲ့မှ ဆောင်ရွက်သောတောင်တက်ခရီးစဉ်တွင် နှင်း‌ေတာင် ပြိုကျမှုကြောင့်ယခုလိုတန်ဖိုးရှိသောအသက်များ ဆုံးရှုံးရသည့်အတွက် အင်မတန်စိတ်မကောင်းဖြစ်ရကြောင်း ကာကွယ်ရေးဝန်ကြီး Rajnath Singh ကတွစ်တာတွင်ရေးသားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။

အိမ်နီးချင်း Himachal Pradesh ပြည်နယ်ရှိရေခဲမြစ်တစ်ခုကိုဖြတ်ကူးစဉ် ကမ်းပါးယံတစ်ခုထဲသို့ ပြုတ်ကျပြီးနောက် နှစ်လကျော်လောက် ပျောက်ဆုံးနေသောတောင်တက်သမားတစ်ဦး၏ ရုပ်အလောင်းကိုလည်း ဩဂုတ်လကရှာဖွေတွေ့ရှိခဲ့သည်။

ဟိမဝန္တာတောင်တက်ခြင်းအန္တရာယ်အပေါ် ရာသီဥတုပြောင်းလဲမှု၏အကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ သုတေသနပြုခြင်းမျိုးမရှိသေးသော်လည်း ယခင်ကနှင်းထူထပ်သောတောင်စောင်းများတွင် ရေများစီးဆင်းနေကာ အကွေ့အကောက်များလည်းကျယ်လာပြီး ရေခဲကန်များပိုများလာကြောင်းတောင်တက်သမားများ၏ အစီရင်ခံချက်အရသိရှိရသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here