တောင်ကိုရီးယားနှင့် အမေရိကတို့သည် မြောက်ကိုရီးယား၏ လုပ်ရပ်အပေါ် ကန့်ကွက်သည့်အနေဖြင့် ပင်လယ်ထဲသို့ ဒုံးကျည်များ ပစ်လွှတ်

0
230

ဆိုးလ်၊ အောက်တိုဘာ ၅

တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တို့သည် မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ခဲ့မှုအပေါ် တုံ့ပြန်သည့် အနေဖြင့် ဒုံးကျည်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နျူလက်နက်များကို ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBM)ကို အင်္ဂါနေ့ (မနေ့)က ဂျပန်အပေါ် ဖြတ်ကျော်ကာ ပစ်လွှတ်ခဲ့သဖြင့် ပစ်လွှတ်ရာ လမ်းကြောင်းပေါ်ရှိ ဒေသခံများအား အကာအကွယ်ယူရန် သတိပေးရသည်အထိ ရုတ်ရုတ်သဲသဲ အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။

တောင်ကိုးရီးယားနှင့် အမေရိကန်တပ်များသည် မြောက်ကိုရီးယား၏ လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် ပင်လယ်ပြင်အတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က အောက်တိုဘာ ၅ ရက် ဗုဒ္ဓဟူးနေ့ တွင် ပြောကြားခဲ့သည်။

၎င်းမဟာမိတ်များသည် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်မှုအပြီး အစောပိုင်း အခြေအနေတွင်လည်း ပင်လယ်ဝါ၌ တိုက်လေယာဉ်များဖြင့် ဗုံးကြဲလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယားစစ်တပ်၏ Hyunmoo-2 ဒုံးကျည်တစ်စင်းသည် စစ်ရေးလေ့ကျင့်မှုအတွင်း ပစ်လွှတ်ပြီး မကြာမီ ပျက်ကျခဲ့ကြောင်း စစ်တပ်က သီးခြားအတည်ပြုခဲ့သည်။ သို့ရာတွင် ယင်းဖြစ်ရပ်ကြောင့် မည်သူမျှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီက မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုမှာ အန္တရာယ်ရှိပြီး မဆင်ခြင်သော လုပ်ရပ်ဟု ပြောဆိုခဲ့သည်။

အမေရိကန်စစ်တပ်နှင့် ၎င်း၏မဟာမိတ်တို့သည်လည်း မြောက်ကိုရီးယားအား ၎င်းတို့၏ အင်အားကို ပြသရန်အတွက် စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့်ပြုလုပ်လာခဲ့သည်။

အမေရိကသည် မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအ‌ေဝးကို ဗုဒ္ဓဟူးနေ့၌ ကျင်းပရန် တောင်းဆိုခဲ့သော်လည်း တရုတ်နှင့် ရုရှားက ထို့ကဲ့သို့သော လူထုရှေ့ တရားဝင်ချပြ ဆွေးနွေးခြင်းအပေါ် ဆန့်ကျင်ခဲ့သည်ဟု သံတမန်များက ဆိုသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here