ရေကြီးရေလျှံမှုအပြီးပြန်လည်ထူထောင်ရေးအတွက် ငွေကြေးမလုံလောက်သဖြင့် ပါကစ္စတန်အတွက်ကုလကအကူအညီတိုးမြှင့်တောင်းဆို

0
132

အစ္စလာမာဘတ်၊အောက်တိုဘာ ၄

ပါကစ္စတန်သည် မကြာသေးမီကဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများမှ ပြန်လည်ထူထောင်ရေးအတွက် သုံးစွဲရန်ငွေကြေးမလုံလောက်ကြောင်းနှင့် နိုင်ငံ၏လိုအပ်ချက်ရန်ပုံငွေငါးဆတိုးလာသဖြင့် ကုလသမဂ္ဂမှအကူအညီတောင်းခံမှုစတင်ချိန်တွင် နိုင်ငံတကာအကူအညီကို ဆောလျင်စွာရရှိရန်တိုက်တွန်းနှိုးဆော်လျက် ၎င်း၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးကအောက်တိုဘာ ၄ ရက် အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

ရာသီဥတုပူနွေးလာမှုနှင့် ဆက်နွယ်သည့်မကြုံစဖူးသော ရေလွှမ်းမိုးမှုကြောင့် ရေကျသွားသော်လည်း ရေမှကူးစက်သောရောဂါများ မြင့်တက်လာခြင်းနှင့် ငတ်မွတ်မှုစသည့် အန္တရာယ်အသစ်များပါ ကြီးထွားလာမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ပါကစ္စတန်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပန်ကြားချက်အား ကုလသမဂ္ဂမှမူလကသတ်မှတ်ထားသည့် ကန်ဒေါ်လာသန်း ၁၆၀ မှ၎င်းပမာဏ၏ ငါးဆ ၈၁၆ သန်းအထိတိုးမြှင့်ခဲ့သည်။

“ကျွန်မတို့စီးပွားရေးပြန်ဦးမော့လာဖို့ စေ့ဆော်ပေးစရာမရှိဖြစ်နေပါတယ်” ဟု ပါကစ္စတန်၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီး Sherry Rehman က နိုင်ငံအတွက်အကူအညီရရန်ရည်ရွယ်လျက် ဂျီနီဗာညီလာခံတွင်ပြောကြားခဲ့သည်။နိုင်ငံတွင်းရှိလူပေါင်း ခုနစ်သန်းကျော်လည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်းသူမကပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုများကြောင့် နေအိမ်များပျက်စီးသွားသောလူသန်းပေါင်းများစွာအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပြုလုပ်ရာ၌ နိုင်ငံအတွက်နှစ်ပေါင်းများစွာအချိန်ယူရမည်ဖြစ်ကြောင်း ပါကစ္စတန်စီးပွားရေးဝန်ကြီး Ayaz Sadiq က စည်းဝေးပွဲတွင်ပြောကြားခဲ့သည်။

ရေကြီးရေလျှံမှုများကြား၌ လနှင့်ချီကြာနေထိုင်ရဦးမည့်နိုင်ငံသားများသည် ယခုအခါအစိုးရ၏ယာယီကယ်ဆယ်ရေးစခန်းများတွင်နေထိုင်နေရပြီး နောက်ဆက်တွဲအနေဖြင့် ငှက်ဖျား၊ဝမ်းပျက်ဝမ်းလျှော၊သွေးလွန်တုပ်ကွေး၊ပြင်းထန်သော အရေပြားရောဂါနှင့် မျက်စိရောဂါများကဲ့သို့သော ရောဂါများလည်းပျံ့နှံ့နေလျက်ရှိသည်။

အဆိုပါရေကြီးမှုကြောင့် လူဦးရေသန်း ၂၂၀ အနက် ၃၃ သန်းခန့်ထိခိုက်ခဲ့ပြီး ကောက်ပဲသီးနှံများ၊လမ်းများ၊တိရစ္ဆာန်များ၊တံတားများ၊အိမ်များ၊ကျောင်းများနှင့်ဆေးဘက်ဆိုင်ရာ ပစ္စည်းများမျောပါသွားခြင်းကြောင့် အစိုးရကခန့်မှန်းခြေကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်ပျက်စီးခဲ့သည်ဟုခန့်မှန်းထားသည်။

ပါကစ္စတန်တွင် လူပေါင်း ၈ ဒသမ ၂ သန်းအတွက် ဆေးဝါးများအရေးပေါ်လိုအပ်နေပြီး နိုင်ငံ၏စိုက်ပျိုးသီးနှံများရေကြီးမှုကြောင့် ပျက်စီးသွားသဖြင့် ရိက္ခာအပိုပစ္စည်းများတင်သွင်းရန်လည်းလိုအပ်နေကြောင်းဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ကမူ ပါကစ္စတန်သည် ပြည်သူ့ကျန်းမာရေးဘေးအန္တရာယ်သို့ကျရောက်နေပြီဟုလည်း အစည်းအဝေးတွင်ပြောကြားခဲ့သည်။

Source :Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here