ဆီးရီးယားဒုက္ခသည်များအား အကူညီပေးကြိုဆိုခဲ့သဖြင့်အိန်ဂျလာမာကယ်လ်အား ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ဆုချီးမြှင့်

0
126

ဂျီနီဗာ၊အောက်တိုဘာ ၄

ဆီးရီးယားမှအများစုဖြစ်သောဒုက္ခသည် ၁ သန်းကျော်အား ပြည်တွင်းပြည်ပဝေဖန်မှုများကြားမှပင် ဂျာမနီနိုင်ငံသို့ ကြိုဆိုလက်ခံရေးကြိုးပမ်းမှုများအတွက် ဂျာမန်ဝန်ကြီးချုပ်ဟောင်း အိန်ဂျလာမာကယ်လ်အား ၎င်း၏အမြင့်ဆုံးဆုကိုပေးအပ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက အောက်တိုဘာ ၄ ရက် အင်္ဂါနေ့ကပြောကြားခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ပြောရေးဆိုခွင့်ရှိသူ Matthew Saltmarsh က မစ္စမာကယ်လ်သည် ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂအေဂျင်စီက နှစ်စဉ်ပေးအပ်လေ့ရှိသည့် Nansen ဒုက္ခသည်ဆုရှင်အဖြစ်ရွေးချယ်ခံရကြောင်းပြောကြားခဲ့သည်။

ဂျာမနီသည်မစ္စအိန်ဂျလာမာကယ်လ်၏ ဦးဆောင်မှုအောက်၌ ဆီးရီးယားတွင် ပဋိပက္ခများအမြင့်ဆုံးဖြစ်နေချိန်နှင့် ကမ္ဘာတစ်ဝန်း သေစေလောက်သည့်အကြမ်းဖက်မှုများဖြစ်နေချိန် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များတွင် ဒုက္ခသည်နှင့်ခိုလှုံခွင့်တောင်းခံသူ ၁ ဒသမ ၂ သန်းကျော်ကိုလက်ခံပေးခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိဒုက္ခသည်များ၏ အခြေအနေကိုမီးမောင်းထိုးပြရန်ကူညီပေးခဲ့သည်။

မစ္စမာကယ်လ်လက်ခံရရှိသောဆုသည် ကန်ဒေါ်လာ ၁၅၀,၀၀၀ ဆုဖြစ်ပြီး မစ္စမာကယ်လ်အနေဖြင့် ဆုလက်ခံရယူရန်လာမည့် တနင်္လာနေ့၌ ဂျီနီဗာသို့သွားရောက်ရန်မျှော်လင့်ကြောင်းလည်း ဖော်ပြထားသည်။ထို့ပြင်ဒေသဆိုင်ရာဆုရှင်လေးဦးကိုလည်းကြေငြာခဲ့သည်။

UNHCR Nansen Refugee Award သည် ဒုက္ခသည်များနှင့်အခြားအိုးမဲ့အိမ်မဲ့ နိုင်ငံမဲ့များကိုကာကွယ်ရန်အတွက် တာဝန်ထက်ကျော်လွန်ပြီးစွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူ လူပုဂ္ဂိုလ်များ၊အဖွဲ့များနှင့် အဖွဲ့အစည်းများအားဂုဏ်ပြုချီးမြှင့်သည့်ဆုဖြစ်သည်ဟုလည်း အေဂျင်စီကပြောကြားခဲ့သည်။

ကမ္ဘာ့နိုင်ငံပေါင်းချုပ်အသင်းကြီးတွင် ဒုက္ခသည်များအတွက်ပထမဆုံးကော်မရှင်နာဖြစ်သည့် နော်ဝေသိပ္ပံပညာရှင် Fridtjof Nansen အားဂုဏ်ပြုရန် ၁၉၅၄ ခုနှစ်မှစ၍ အဆိုပါဆုအားစတင်ချီးမြှင့်ခဲ့ပြီး ယခုအချိန်အထိ ဆုရှင် ၆၀ ကျော်ဆွတ်ခူးရရှိခဲ့ပြီးဖြစ်သည်။

၂၀၂၁ ခုနှစ်အတွက် Nansen ဆုအားဆွတ်ခူးရရှိခဲ့သူမှာ ယီမင်၌လူသားချင်းစာနာမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေ့ပြောင်းယီမင်နိုင်ငံသားများအား ထောက်ပံ့ကူညီမှုပြုခဲ့သည့် Jeel Albena Association ဖြစ်သည်ဟုသိရှိရသည်။

Source : AP/KG


LEAVE A REPLY

Please enter your comment!
Please enter your name here