LGBT အကြောင်းအရာကိုဖျက်ပေးရန်ငြင်းပယ်မှုကြောင့် Tik Tok အား ရုရှားတရားရုံးမှဒဏ်ငွေ ကန်ဒေါ်လာငါးသောင်းချမှတ်

0
199

မော်စကို၊အော အောက်တိုဘာ ၄

ရုရှားအာဏာပိုင်များက LGBT ဝါဒဖြန့်ခြင်းဆိုင်ရာ ဥပဒေများကိုချိုးဖောက်သည်ဟုဆိုသည့် အကြောင်းအရာများကို ဆိုရှယ်မီဒီယာပလက်ဖောင်းမှ ဖျက်ရန်ငြင်းဆိုခဲ့သည့်အတွက် ByteDance ပိုင် TikTok အား ရူဘယ် ၃ သန်း (ကန်ဒေါ်လာ ၅၁,၀၀၀) ဒဏ်ကြေးပေးဆောင်ရန် ရုရှားတရားရုံးကဒဏ်ငွေချမှတ်ခဲ့သည်။

TikTok သည် LGBT, အမျိုးသမီးဝါဒနှင့် လိင်ပိုင်းဆိုင်ရာတန်ဖိုးများကို ပုံဖျက်ဖော်ပြခဲ့သည် ဟု စွပ်စွဲလျက်ယခုကဲ့သို့ဒဏ်ငွေသတ်မှတ်ခြင်းဖြစ်ကြောင်းသိရှိရသည်။၂၀၁၃ ခုနှစ်ကအတည်ပြုပြဌာန်းခဲ့သော “လိင်တူချစ်သူများဝါဒ” ဥပဒေကို ရုရှားနိုင်ငံကတိုးချဲ့ရန်စဉ်းစားနေပြီး ကလေးများအားလိင်တူဆက်ဆံရန် အားပေးဆွဲဆောင်သည့် မည်သည့်ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းကိုမဆိုတားမြစ်ထားသည်။

ဥပဒေပြုအမတ်များက အရွယ်ရောက်ပြီးသူများကိုလည်း LGBT ကန့်သတ်ချက်တွင်ထည့်သွင်း၍ အရေးယူသင့်ကြောင်းနှင့် အရွယ်မရောက်သေးသူများအား LGBT ဖြစ်အောင်ဝါဒဖြန့်သူများကို ဖော်ထုတ်နိုင်စေရန် ထိုသို့သောသူများအား ဖော်ထုတ်ပေးသူများအတွက် ဆုကြေးငွေချီးမြှင့်မှုတိုးပေးသင့်သည်ဟု ဆိုခဲ့ကြသည်။

Tik Tok သည် တားမြစ်ထားသောအကြောင်းအရာများကိုဖျက်ရန်ပျက်ကွက်မှုအတွက် အစိုးရဌာနဆိုင်ရာပြစ်မှုတစ်ခုဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ကြောင်းဖော်ပြထားပြီး ယခုဖြစ်စဉ်နှင့်ပတ်သက်၍ Tik Tok ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာမှတ်ချက်ပြုခြင်းမရှိခဲ့ပေ။

တရားရုံးတွင် Tik Tok ကိုယ်စားလှယ်တစ်ဦးသည် အသေးစိတ်အချက်အလက်ကိုပြောကြားခြင်းမရှိဘဲ စွဲချက်တင်ခြင်းအားရပ်ဆိုင်းရန် တောင်းဆိုထားကြောင်းလည်း Inferfax မှသတင်းထုတ်ပြန်ခဲ့သည်။

ယခုဒဏ်ကြေးငွေသည် မော်စကိုနှင့် Big Tech ကြားကာလရှည်ကြာ အငြင်းပွားနေသည့် အကြောင်းအရာအပေါ်ဒဏ်ငွေရိုက်ခြင်း၊ဒေတာသိမ်းဆည်းခြင်းတောင်းဆိုမှုများနှင့် နိုင်ငံတွင်းအနောက်တိုင်းကုမ္ပဏီများ ဩဇာလွှမ်းမိုးမှုနှင့်လက်လှမ်းမှီမှုကို တားဆီးပိတ်ပင်ခြင်းစသည့် အငြင်းပွားနေမှုများ၏နောက်ဆုံးအဆင့်ဖြစ်သည်။

ရုရှားအာဏာပိုင်များက ၎င်းတို့သည်ရုရှားယဉ်ကျေးမှုမဟုတ်သည့် အနောက်တိုင်းက ပြန့် ပွါး စေသော လုပ်ရပ်များကိုကာကွယ်လျက် အကျင့်စာရိတ္တကိုကာကွယ်ပေးနေခြင်းဖြစ်သည်ဟုဆိုကြသော်လည်း လူ့အခွင့်အရေးလှုပ်ရှားသူများကမူ ရုရှား၏ LGBT အသိုင်းအဝိုင်းအား ခြိမ်းခြောက်ရန်အတွက် ဥပဒေကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခြင်းမျိုးဖြစ်သည်ဟု ဆိုကြသည်။

Source : Reuters/ST


LEAVE A REPLY

Please enter your comment!
Please enter your name here