ပါကစ္စတန်ရေဘေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံအထိပံ့ပိုးမည်

0
160

အစ္စလာမာဘတ်၊ အောက်တိုဘာ ၆

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ပါကစ္စတန်ရေဘေးကယ်ဆယ်ရေးအတွက် ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံအထိ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။

အဆိုပါကြေငြာချက်သည် ADB ၏ဒါရိုက်တာမစ္စတာ Yong Ye နှင့် ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး မစ္စတာ Ishaq Dar တို့ အစ္စလာမာဘတ်၌တွေ့ဆုံပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ADB အနေဖြင့် ပါကစ္စတန်အား ရေဘေးကယ်ဆယ်ရေးအတွက် ထောက်ပံ့ငွေကို ခန့်မှန်းခြေ ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံမှ ၂ ဒသမ ၅ ဘီလီယံအထိပံ့ပိုးပေးမည်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါငွေတွင် စီးပွားရေး မတည်ငြိမ်မှုကို တုန့်ပြန်ရန်အစိုးရက ငွေကိုသုံးစွဲ‌ေပးခြင်းဖြင့် ပြန်လည်ရုန်းထ နိုင်စွမ်းကို တည်ဆောက်ခြင်း(BRACE) ဟု လူသိများသော အကူအညီအစီအစဉ်တစ်ခုအတွက် အောက်တိုဘာလအတွင်း ADB အဖွဲ့၏ ခွင့်ပြုချက်ရရှိရန်တောင်းခံမည့် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံလည်းပါဝင်သည်။

ပုံမှန်မဟုတ်သောမုတ်သုံမိုးရွာသွန်းမှုနှင့် ရေခဲတောင်များအရည်ပျော်မှုမှဖြစ်ပေါ်လာသော ရေကြီးမှုများကြောင့် တောင်အာရှနိုင်ငံ၏ နေရာအနှံ့အပြားတွင် ရေနစ်မြုပ်ခဲ့ပြီး အမျိုးသမီးများနှင့်ကလေးများအများဆုံးအပါအဝင် လူပေါင်း ၁,၇၀၀ နီးပါးသေဆုံးခဲ့ရသည်။

ကမ္ဘာ့ကုလသမဂ္ဂက ဒုတိယမြောက်ကပ်ဆိုး ဖြစ်လာနိုင်သဖြင့်သတိပေးထားသည့်ပါကစ္စတန်နိုင်ငံတွင် ရေကျသွားသော်လည်း နောက်ဆက်တွဲဖြစ်ပေါ်နေသည့် ရေမှတစ်ဆင့်ကူးစက်သောရောဂါနှင့်ငတ်မွတ်မှုစသည့် အန္တရာယ်အသစ်များပါ မြင့်မားလာမည်ကိုစိုးရိမ်သည့်အတွက် ပါကစ္စတန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပန်ကြားချက်အား ကုလသမဂ္ဂမှမူလကသတ်မှတ်ထားသည့် ကန်ဒေါ်လာသန်း ၁၆၀ မှ ယင်း၏ငါးဆ ၈၁၆ သန်းအထိတိုးမြှင့်ပေးခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here