ဖိလစ်ပိုင်သမ္မတမားကို့စ်က ရုရှားမှလောင်စာဝယ်ယူရန်လမ်းဖွင့်ထားဟုဆို

0
129

မနီလာ၊အောက်တိုဘာ ၆

မော်စကိုနှင့်အဆက်ဆံမပြုလုပ်ရန် အနောက်နိုင်ငံများ၏ဖိအားများမြင့်တက်နေချိန်တွင် နိုင်ငံ၏လောင်စာလိုအပ်ချက်အရ ရုရှားထံလှည့်ဝယ်ရန်လိုအပ်ကြောင်း ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက အောက်တိုဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

သမ္မတတစ်ဦးလည်းဖြစ်သကဲ့သို့ စိုက်ပျိုးရေးဝန်ကြီးတစ်ဦးလည်းဖြစ်သူ မစ္စတာမားကို့စ်သည် ပြည်ပသတင်းထောက်အသင်းနှင့်တွေ့ဆုံစကားပြောရာ၌ ဖိလစ်ပိုင်သည် မြေဩဇာထောက်ပံ့မှုအတွက်လည်း လိုအပ်ပါကရုရှားနှင့်ဆက်ဆံနိုင်သည်ဟုဆိုခဲ့သည်။

“လောင်စာတို့၊ဓာတ်မြေဩဇာတို့နဲ့ပတ်သက်လို့ လိုအပ်ရင်ရုရှားနဲ့ဆက်ဆံမှာပါ၊ဒါဟာတခြားဘာမှမပါတဲ့ မျှတတဲ့အမြင်နဲ့ပဲ ကျွန်တော်တို့ယူဆထားတဲ့အမှန်တရားပါ” ဟု မစ္စတာမားကို့စ်ကပြောကြားခဲ့သည်။

ယူကရိန်းသို့ရုရှား၏ကျူးကျော်မှုကြောင့် ထောက်ပံ့ရေးကွင်းဆက်များလည်းမပြေလည်ဖြစ်နေသဖြင့် အခြားနိုင်ငံများကဲ့သို့ပင် ဖိလစ်ပိုင်သည်လည်း ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းဒဏ်ကိုရင်ဆိုင်နေရသည်။အမေရိက၏ကာကွယ်ရေးမဟာမိတ်လည်းဖြစ်သော ဖိလစ်ပိုင်သည် ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိခဲ့ပေ။

ဖိလစ်ပိုင်သမ္မတဟောင်း ဖာဒီနန်မားကို့စ်၏သားဖြစ်သူ လက်ရှိသမ္မတဖာဒီနန်မားကို့စ်ဂျူနီယာသည် မြောက်ကိုရီးယားအရေး၊တရုတ် – ထိုင်ဝမ်တင်းမာမှုများအကြား ဒေသတွင်းငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ၎င်း၏နိုင်ငံအား အဓိကအခန်းကဏ္ဍမှပါဝင်စေလိုကြောင်းလည်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဦးဆောင်သူနေရာကနေပါဝင်နိုင်ဖို့မျှော်လင့်ပါတယ်” ဟု လည်း ၎င်းကဆိုခဲ့သည်။

Source : Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here