ကာကွယ်ရေးအတွက် အခြားသူများကိုအားကိုးမည်မဟုတ်ဟု ထိုင်ဝမ်ပြောကြား

0
176

ဝါရှင်တန်၊အောက်တိုဘာ ၆

တရုတ်က နိုင်ငံ၏အချုပ်အခြာအာဏာကိုထိပါးရန် ကြိုးပမ်းဖို့အကဲစမ်းနေချိန်ဟုဆိုရသော ယခုကာလတွင် ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသောကျွန်း၏လုံခြုံရေးအတွက် အမေရိက၏ကတိကဝတ်ကို လက်ခံကြိုဆိုသော်လည်း ထိုင်ဝမ်သည် ၎င်း၏ကာကွယ်ရေးအတွက် အခြားသူများကိုအားကိုးမည်မဟုတ်ကြောင်း သမ္မတဆိုင်အင်ဝမ်က အောက်တိုဘာ ၅ ရက် ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

ထိုင်ဝမ်သို့တရုတ်က မကြုံစဖူးတိုက်ခိုက်မှုမျိုးပြုလုပ်လာပါက ထိုင်ဝမ်ကိုကာကွယ်ပေးရန် ကန်သမ္မတဂျိုးဘိုင်ဒင်၏ စက်တင်ဘာလကပြောကြားခဲ့သော ကတိစကားအပြီးတွင် သမ္မတဆိုင်၏ယခုမှတ်ချက်ပေါ်ထွက်လာခြင်းဖြစ်သည်။

ဝါရှင်တန်အခြေစိုက် Global Taiwan Institute ညဏ်ကြီးရှင်အဖွဲ့သို့ပြောကြားခဲ့သည့် သမ္မတဆိုင်၏မိန့်ခွန်းတွင် “ထိုင်ဝမ်ရဲ့လုံခြုံရေးအတွက် မကြာသေးမီကရောင်းချပေးခဲ့တဲ့လက်နက်ရောင်းချမှုနဲ့ အမေရိကရဲ့ကာကွယ်ရေးကတိကဝတ်တွေကို တကယ်လိုက်နာပေးလို့ သမ္မတဘိုင်ဒင်နဲ့ အမေရိကန်ကွန်ဂရက်ကိုအထူးကျေးဇူးတင်ပါတယ်၊ဒါပေမဲ့ကျွန်မတို့အနေနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် တခြားသူအပေါ်မှီခိုနေမှာမဟုတ်ပါဘူး” ဟု သမ္မတဆိုင်ကပြောကြားခဲ့သည်။

“ဒါကြောင့်ထိုင်ဝမ်အနေနဲ့ လုံခြုံရေးကိုကာကွယ်ပြီး ဒီမိုကရေစီလမ်းစဉ်ကိုထိန်းသိမ်းဖို့ အပြည့်အဝကတိပြုကြောင်းထပ်လောင်းပြောကြားလိုပြီး ရင်ဆိုင်နေရတဲ့အသစ်အသစ်သောခြိမ်းခြောက်မှုတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်လည်း ကာကွယ်ရေးဗျူဟာကိုလည်းပြောင်းလဲလုပ်ဆောင်နေပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

ဘိုင်ဒင်၏ကတိကဝတ်သည် အမေရိက၏ မူဝါဒကိုအပြောင်းအလဲဖြစ်စေသည့် အဓိပ္ပာယ်မဟုတ်ကြောင်း အိမ်ဖြူတော်ကပြောကြားခဲ့သော်လည်း ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ နေရာမယူလိုသည့် အမေရိက၏ရပ်တည်ချက်ကိုတော့ တမင်တကာသော်လည်းကောင်း မသိလိုက်မသိဘာသာသော်လည်းကောင်း အလျှော့အတင်းလုပ်ခဲ့သည်ဟု ဝေဖန်သူများကပြောကြသည်။

ထိုင်ဝမ်အား၎င်း၏ပိုင်နက်အဖြစ်ယူဆထားသော တရုတ်သည် ဩဂုတ်လအစောပိုင်းကထိုင်ဝမ်သို့သွားရောက်ခဲ့သည့် ကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဌနန်စီပေလိုစီ၏ခရီးစဉ်အပြီး၌ အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကိုလည်းပြုလုပ်ခဲ့ပြီး ယခုအချိန်အထိလည်း အသေးစားစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဟုသိရှိရသည်။တရုတ်၏ပိုင်နက်ဟုယူဆထားမှုအား အပြင်းအထန်ကန့်ကွက်ခဲ့သော ထိုင်ဝမ်သည် ဗုဒ္ဓဟူးနေ့ကလည်း တရုတ်လေယာဉ်ရှစ်စီးသည် နှစ်နိုင်ငံကြားမျဉ်းကိုဖြတ်ကျော်ပျံသန်းခဲ့ကြောင်းဆိုခဲ့သည်။

အဆိုပါစစ်ဆင်ရေးများသည် ထိုင်ဝမ်၏အချုပ်အခြာအာဏာကိုထိပါးပြီး အင်ဒို – ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည်ဟုလည်း သမ္မတဆိုင်ကပြောကြားခဲ့သည်။

Source – Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here