အီသီယိုးပီးယား အစိုးရနှင့် တီဂရေး သူပုန်များ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ကြားချက်ကို လက်ခံ

0
164

အီသီယိုးပီးယားအစိုးရနှင့် ၎င်းနိုင်ငံရှိ တီဂရေး ဒေသမှ သူပုန်များသည် တောင်အာဖရိက ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ရန် ကမ်းလှမ်းထားသော အာဖရိကသမဂ္ဂ၏ ဖိတ်ကြားချက်ကို လက်ခံလိုက်ကြောင်း ပြောကြားခဲ့သည်။

အာဖရိကသမဂ္ဂ (AU) သည် အရပ်သားထောင်ပေါင်းများစွာ သေဆုံးပြီး သန်းပေါင်းများစွာသော ပြည်သူများ ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာရစေခဲ့သည့် အဆိုပါ နှစ်ဖွဲ့ကြားရှိ နှစ်နှစ်ကြာ ပဋိပက္ခကို အဆုံးသတ်ပေးမည့် ရည်ရွယ်ချက်ဖြင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ၎င်းတို့ကို ဖိတ်ကြားခဲ့သည်။

နှစ်ဖက်စလုံးက AU၏ ညှိနှိုင်းဆွေးနွေးမှုများတွင် ပါဝင်ရန် ပြင်ဆင်ထားသည်ဟု ယခင်က ပြောကြားခဲ့သည်။ သို့သော် အဲရားထရီးရာ နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြောက်ပိုင်းဒေသဖြစ်သည့် တီဂရေးတွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

လူဦးရေ ခြောက်သန်းခန့်ရှိသော တီဂရေးသည် နောက်ဆုံးပေါ် တိုက်ပွဲများကြောင့် အကူအညီ ပေးပို့မှုများ မရပ်ဆိုင်းမီကပင် အစားအစာ၊ လောင်စာဆီ၊ ဆေးဝါးများနှင့် အခြားအရေးပေါ် ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေသဖြင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က အာဟာရချို့တဲ့မှု မြင့်တက်လာမည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။

ယခုအပတ်အတွင်း ကျင်းပရန် စီစဉ်ထားသော AU ဥက္ကဌ Moussa Faki Mahamat ဦးဆောင်မည့် အဆိုပါ ဆွေးနွေးပွဲသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ တိုက်ပွဲစတင်ခဲ့ချိန်မှစ၍ ၎င်းတို့ ကြား၌ ပထမဆုံး တရားဝင်ညှိနှိုင်းမှု ဖြစ်လာမည် ဖြစ်သည်။

အီသီယိုးပီးယား အစိုးရသည် ပဋိပက္ခအား ငြိမ်းချမ်းစွာ ဖြေရှင်းရေး နှင့် ကြိုတင် သတ်မှတ်ချက်များ မရှိဘဲ ဆွေးနွေးပွဲများ ပြုလုပ်ရေး ဟူသော ကျွန်ုပ်တို့၏ အခြေခံရပ်တည်ချက်နှင့်အညီ ဤဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း ၀န်ကြီးချုပ် Abiy Ahmed ၏ အမျိုးသားလုံခြုံရေးအကြံပေး Redwan Hussein က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

တီဂရေး သူပုန်ခေါင်းများကလည်း စေ့စပ်ညှိနှိုင်းသူများ စေလွှတ်ရန် အသင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။ သို့သော် ဆွေးနွေးပွဲသို့ ဖိတ်ကြားထားသော လူကြီးများ၊ အကဲခတ်လေ့လာသူများနှင့် အာမခံပေးသူများအကြောင်း မေးမြန်းခဲ့သည်။

Source:Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here