ဆောင်းတွင်း သိုလှောင်ထားသော ဓာတ်ငွေ့များ အသုံးပြုပြီးနောက် စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာမည့် ဥရောပနိုင်ငံများ

0
193

ဟယ်လ်ဆင်စကီ/ဘရပ်ဆဲလ်၊ အောက်တိုဘာ ၆

ဥရောပနိုင်ငံများသည် ယခုနှစ် ဆောင်းရာသီ၏ အအေးဒဏ်ကို ဖြတ်ကျော်ရန်အတွက် ၎င်းတို့၏ သဘာဝဓာတ်ငွေ့ကန်များကို အသုံးပြုရမည်သဖြင့် လာမည့်နှစ်တွင် ပိုမိုပြင်းထန်သော စွမ်းအင်ဆိုင်ရာ အကြပ်အတည်းကို ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီ အကြီးအကဲက အောက်တိုဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂက အဆိုပါအကျပ်အတည်းကို ဖြေလျှော့ရန် နည်းလမ်းများ ရှာဖွေနေစဉ် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားက ယူကရိန်းအရေးအခင်းနှင့် စပ်လျဉ်း၍ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုခံရမှုအပေါ် တုံ့ပြန်သည့် အနေဖြင့် ဥရောပသို့ ဓာတ်ငွေ့ထောက်ပံ့မှုကို ဖြတ်တောက်လိုက်ပြီးနောက် ဥရောပနိုင်ငံများသည် ၎င်းတို့၏ သိုလှောင်ကန်များတွင် ဓာတ်ငွေ့ ပမာဏ ၉၀ ရာခိုင်နှုန်းခန့်ကိုသာ ဖြည့်တင်းနိုင်ခဲ့သည်။

ယူကရိန်းအရေးအခင်း စတင်ပြီးနောက် လပေါင်းများစွာ မြင်တက်ခဲ့သည့် ဓာတ်ငွေ့ဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သည်။ သို့ရာတွင် နိုင်ငံများမှာ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ရုရှား ဓာတ်ငွေ့ကို အစားထိုးနိုင်မည့် အခြားရွေးချယ်စရာများကို အပြိုင်အဆိုင် ဝယ်ယူနေသောကြောင့် ယင်းကဲ့သို့ ဓာတ်ငွေ့ဈေးနှုန်းကျဆင်းခြင်းမှာ ယာယီသာ ဖြစ်နိုင်သည်။

ယင်းအကျပ်အတည်းမှာ နိုင်ငံ ၂၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသော ဥရောပအုပ်စုအတွင်း သဘောကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။

အချို့သော နိုင်ငံများက ဓာတ်ငွေ့များ ဖူလုံအောင် ပြုလုပ်ရာတွင် ပိုမိုခက်ခဲလာမည်ကို စိုးရိမ်သောကြောင့် ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ ကူညီနိုင်ရန်အတွက် ဥရောပသမဂ္ဂက ဓာတ်ငွေ့ဈေးနှုန်းများ ကန့်သတ်ရန် စဉ်းစားနေသည်။

“ဓာတ်ငွေ့သိုလှောင်ထားမှု က ၉၀ ရာခိုင်နှုန်းနီးပါး ရှိသဖြင့် နိုင်ငံရေး သို့မဟုတ် နည်းပညာဆိုင်ရာ အကျပ်အတည်း မရှိသရွေ့ ဥရောပသည် လာမည့် ဆောင်းရာသီကို အခက်အခဲအချို့ဖြင့်သာ ဖြတ်ကျော်နိုင်လိမ့်မည်” ဟု ပါရီအခြေစိုက် အိုင်အီးအေ ၏ အမှုဆောင်ဒါရိုက်တာ ဖာတီ ဘိုင်ရောက ဆိုသည်။

ဥရောပသည် သမိုင်းကြောင်းအရ ၎င်းတို့အသုံးပြုနေသော သဘာဝဓာတ်ငွေ့၏ ၄၀ ရာခိုင်နှုန်းကို ရုရှားမှ ရယူရသည်။

ထို့ကြောင့် ၎င်းတို့ ရင်ဆိုင်မည့် တကယ့်စိန်ခေါ်မှုများမှာ ယခုနှစ်တွင် ဆောင်းတွင်းဝယ်လိုအား မြင့်မားမှုကြောင့် သိုလှောင်ထားသော ဓာတ်ငွေ့ပမဏအား ၂၅ ကနေ ၃၀ ရာခိုင်နှုန်းအထိ အသုံးပြုလိုက်ပြီးနောက် ပြန်လည်ဖြည့်တင်းရန် လိုအပ်မည့် ဖေဖော်ဝါရီ သို့မဟုတ် မတ်လတွင် စတင်မည်ဖြစ်သည်။

“ဒီဆောင်းရာသီက ခက်ခဲပေမယ့် နောက်ဆောင်းရာသီက ပိုမိုခက်ခဲလာနိုင်ပါတယ်” ဟု ဘိုင်ရောက ဖင်လန်ရှိ သတင်းထောက်များအား ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here