၂၀၃၀ တွင် ဆင်းရဲမွဲတေမှုပပျောက်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်မဟုတ်ဟု ကမ္ဘာ့ဘဏ်ဆို

0
319

ဝါရှင်တန်၊အောက်တိုဘာ ၅

ကိုဗစ်ကပ်ရောဂါနှင့် ရုရှား – ယူကရိန်းအရေးများကြောင့် ကမ္ဘာကြီးသည် ၂၀၃၀ ပြည့်နှစ်တွင်ဆင်းရဲမွဲတေမှုပပျောက်ရေး ရေရှည်ရည်မှန်းချက်အား ပြည့်မီရန်မဖြစ်နိုင်တော့ကြောင်း ကမ္ဘာ့ဘဏ်က အောက်တိုဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့ကထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင်ပြောကြားခဲ့သည်။

ဆယ်စုနှစ်များစွာဆင်းရဲမွဲတေမှုပပျောက်ရေးကြိုးပမ်းမှုများကြောင့် အတန်အသင့်လျှော့ချနိုင်ခဲ့စဉ်တွင် ကိုဗစ်ကပ်ရောဂါသည် သမိုင်းဝင်အပြောင်းအလဲကြီးဖြစ်အောင် ဖန်တီးပေးလိုက်ပြီး ၂၀၂၀ ပြည့်နှစ်တွင် လူပေါင်း ၇၁ သန်းနှင့်အထက်သည် အလွန်အမင်းဆင်းရဲမွဲတေသည့် အခြေအနေတွင်နေနေရသည်ဟု အဆိုပါအစီရင်ခံစာတွင်ဖော်ပြထားသည်။

ဆိုလိုသည်မှာ လူပေါင်း ၇၁၉ သန်း (ကမ္ဘာ့လူဦးရေ၏ ၉ ဒသမ ၃ ရာခိုင်နှုန်း) သည် တစ်ရက်လျှင်ကန်ဒေါ်လာ ၂ ဒသမ ၁၅ ဒေါ်လာလောက်ဖြင့် အသက်မွေးနေကြရပြီး လက်ရှိဖြစ်ပေါ်နေသောစစ်ပွဲများ၊တရုတ်နိုင်ငံတွင်တိုးတက်မှုလျော့ကျသွားခြင်းအပါအဝင် မြင့်မားသောစားသောက်ကုန်နှင့်စွမ်းအင်ဈေးနှုန်းများသည် ဆင်းရဲမွဲတေမှုကိုလျှော့ချရန် ထပ်မံကြိုးပမ်းမှုများကို ရပ်တန့်သွားအောင်ခြိမ်းခြောက်နေသည်ဟုလည်း ဖော်ပြထားသည်။

တိုးတက်လာမှုကိုသိသိသာသာနှောင့်ယှက်နေသည့် အဆိုပါအခြေအနေများကြောင့် ခန့်မှန်းခြေလူဦးရေ ၅၇၄ သန်း (ကမ္ဘာ့လူဦးရေ၏ ၇ ရာခိုင်နှုန်းခန့်) သည် ၂၀၃၀ ပြည့်နှစ်အထိ ထိုဝင်ငွေအဆင့်ဖြင့်သာဆက်လက်ရပ်တည်နေရဦးမည်ဖြစ်ပြီး ၎င်းတို့အနက်အများစုမှာ အာဖရိကတိုက်မှဖြစ်သည်ဟုဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်ဥက္ကဌ David Malpass ကမူ ဆင်းရဲနွမ်းပါးမှုနှင့်ဘုံကောင်ကျိုးချမ်းသာ အစီရင်ခံစာသစ်သည် သန်းပေါင်းများစွာသောလူများရင်ဆိုင်နေရသည့် ဆိုးရွားသောအလားအလာကိုပြသခဲ့ပြီး တိုးတက်မှုကိုမြှင့်တင်ရန်နှင့်ဆင်းရဲမွဲတေမှုပပျောက်ရေး ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်နိုင်ဖို့ မူဝါဒအပြောင်းအလဲများပြုလုပ်ရန်လည်းတောင်းဆိုခဲ့သည်။

“အလွန်အမင်းဆင်းရဲနွမ်းပါးမှုကိုလျှော့ချရေး ၌ အောင်မြင်မှုသည် ကျဆင်းနေသောကမ္ဘာ့စီးပွားရေးနဲ့အတူ ရပ်တန့်သွားသည်” ဟု ၎င်းကထုတ်ပြန်ချက်တွင်ပြောကြားခဲ့ပြီး ငွေကြေးဖောင်းပွမှု၊ငွေကြေးတန်ဖိုးကျဆင်းမှုစသဖြင့်  ဆင်းရဲမွဲတေမှုမြင့်တက်အောင်ဖန်တီးနေသည့် အကျပ်အတည်းများကိုလည်းအပြစ်တင်ခဲ့သည်။

ကပ်ရောဂါကြောင့်အပါအဝင် အခြားအကြောင်းအရာများကြောင့်လည်း ဆင်းရဲမွဲတေမှုလျှော့ချရေးသည် ငါးနှစ်တာကာလအတွင်း နှေးကွေးနေပြီး အဆင်းရဲဆုံးသူများသည် အမြင့်မားဆုံးဟူသည့်ကုန်ကျစရိတ်များ၏ဒဏ်ကို ရှင်းရှင်းလင်းလင်းခံစားနေရကြောင်းဖော်ပြထားသည်။အဆင်းရဲဆုံးလူ ၄၀ ရာခိုင်နှုန်းသည် ကပ်ရောဂါကာလအတွင်း ပျှမ်းမျှဝင်ငွေ ၄ ရာခိုင်နှုန်းဆုံးရှုံးခဲ့ရပြီး အချမ်းသာဆုံးလူ ၂၀ ရာခိုင်နှုန်းသည် ဆုံးရှုံးမှုနှစ်ဆကိုခံစားခဲ့ရကြောင်း ဖော်ပြထားသည်။

အစိုးရအသုံးစရိတ်နှင့် အရေးပေါ်ပံ့ပိုးမှုများသည် ဆင်းရဲမွဲတေမှုနှုန်းကြီးမားလာခြင်းကို တားဆီးနိုင်ခဲ့သော်လည်း အရင်းအမြစ်အသုံးစရိတ်နည်းပြီး စွမ်းဆောင်ရည်နည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးပြန်လည်ဦးမော့လာမှုကို မညီမမျှဖြစ်စေခဲ့သည်ဟုပြောကြားခဲ့သည်။

အလွန်အမင်းဆင်းရဲမွဲတေမှုသည် ယခုအခါတွင်ဆင်းရဲနွမ်းပါးမှုနှုန်း ၃၅ ရာခိုင်နှုန်းခန့်ရှိနေသည့် အာဖရိကဆာဟာရဒေသ၌ရှိနေပြီး လူအားလုံး၏ ၆၀ ရာခိုင်နှုန်းသည် အလွန်အမင်းဆင်းရဲနွမ်းပါးမှုဖြစ်ပေါ်နေကြောင်းတွေ့ရှိရသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here