အမေရိက သည် အီဘိုလာကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ယူဂန်ဒါမှ ခရီးသွားများကို စစ်ဆေးသွားမည်

0
188

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က ယူဂန်ဒါမှ အမေရိကန်သို့ လာရောက်မည့် ခရီးသွားများကို အီဘိုလာရောဂါ ရှိ၊ မရှိ စမ်းသပ်သွားမည်ဖြစ်ပြီး ခရီးသည်များအား စစ်ဆေးမှုများ လုပ်ဆောင်သွားမည့် လေဆိပ်ငါးခုမှတစ်ဆင့် ဖြတ်သန်းခွင့်ပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်ကို အစိုးရအဖွဲ့ အောက်တိုဘာလ ၆ ရက် ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ပြီး စမ်းသပ်စစ်ဆေးမှုများကိုလည်း ချက်ချင်းစတင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

လွန်ခဲ့သော သုံးပတ်အတွင်း ယူဂန်ဒါတွင် နေထိုင်ခဲ့သည့် ခရီးသွားများကို စမ်းသပ်စစ်ဆေးသည့် လေဆိပ်များသို့ ပြန်လည် လမ်းညွှန်ပို့ဆောင်သွားမည် ဖြစ်သည်။

ယူဂန်ဒါမှ အမေရိကန်သို့ တစ်နေ့လျှင် လူ ၁၄၅ ဦး ဝင်ရောက်နေပြီး အများစုမှာ လေဆိပ်ကြီး ငါးခုမှ ရောက်ရှိလာသည်ဟု ဘိုင်ဒင် အစိုးရအဖွဲ့ကဆိုသည်။

“သတိကြီးကြီး ထားတဲ့အနေနဲ့၊ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)၊ အမိမြေလုံခြုံရေးဌာန (DHS) နဲ့ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာန (CBP) တို့ဟာ ယူဂန်ဒါမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ပျံ့ပွားမှုကို တုံ့ပြန်တဲ့အနေနဲ့ ဒီအမေရိကန်လေဆိပ်ငါးခုမှာ ရောဂါစစ်ဆေးမယ့် နေရာတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ကမ်ပါလာရှိ အမေရိကန်သံရုံးက ဆိုသည်။

အမေရိကန်တွင် အီဘိုလာရောဂါ ဖြစ်ပွားနိုင်ခြေမှာ နည်းပါးသည်ဟု ယူဆရပြီး ၎င်းရောဂါသည် ယူဂန်ဒါနိုင်ငံမှလွဲ၍ အခြားနေရာများတွင် ကူးစက်မှုမရှိသေးကြောင်း သိရသည်။

အမေရိကန်အရာရှိတစ်ဦးအား အေပီ သတင်းဌာနမှ မေးမြန်းခဲ့ရာ ၎င်းက အဆိုပါ စစ်ဆေးမှုများမှာ ကြိုတင်ကာကွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အီဘိုလာ ရောဂါသည် ယူဂန်ဒါအလယ်ပိုင်းရှိ ဒေသငါးခုတွင်သာ ဖြစ်ပွားနေပြီး မြို့တော် သို့မဟုတ် ခရီးသွားအချက်အချာမြို့ဖြစ်သော အန်တက်ဘီသို့ မရောက်ရှိသေးကြောင်း CDC က ပြောကြားခဲ့သည်။

ယူဂန်ဒါနိုင်ငံတွင် ကျန်းမာရေး အာဏာပိုင်များက အီဘိုလာရောဂါ ဖြစ်ပွားနေပြီဟု စတင်ကြေညာခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့မှစ၍ စုစုပေါင်း လူ ၄၃ ဦးကူးစက်ခံခဲ့ရပြီး ၁၀ ဦးခန့် သေဆုံးခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here