မင်းသမီးဂျိုလီ၏စွပ်စွဲချက်အား ဘရက်ပစ်ထ်၏ရှေ့နေကတုံ့ပြန်

0
205

၂၀၁၆ ခုနှစ်ကသီးသန့်လေယာဉ်ပေါ်တွင် မင်းသားဘရက်ပစ်ထ်က သူမအားရိုက်နှက်ခဲ့ပြီး ကလေးတစ်ယောက်ကိုလည်း လည်ပင်းညှစ်ရန်ကြိုးစားသည်ဟု မင်းသမီးအင်ဂျလီနာဂျိုလီ၏တိုင်ကြားချက်အား ဘရက်ပစ်ထ်၏ရှေ့နေက တရားရုံးမှာဆက်လက်တုံ့ပြန်သွားမည်ဟု အောက်တိုဘာလ ၆ ရက် ကြာသပတေးနေ့ကပြောကြားခဲ့သည်။

“ဘရက်က သူလုပ်ခဲ့တဲ့အမှားအတွက်သူဝန်ခံထားပေမဲ့ မလုပ်ခဲ့တဲ့အရာကိုတော့ဘယ်လိုမှဝန်ခံနိုင်မှာမဟုတ်ပါဘူး” ဟု မင်းသား၏ရှေ့နေ မစ္စ Anne Kiley ကထုတ်ပြန်ချက်တစ်ခုတွင်ပြောကြားခဲ့သည်။ “တကယ်တော့သူက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေနဲ့ တလွဲရေးသားဖော်ပြမှုအမျိုးမျိုးရဲ့ဒဏ်ကိုအကြီးအကျယ်ခံနေရပါတယ်” ဟု လည်းတုံ့ပြန်ပြောကြားခဲ့သည်။

မင်းသမီးဂျိုလီက မင်းသားသည်လေယာဉ်ပေါ်၌ သူ့အားခေါင်းကိုကိုင်ဆောင့်ပြီး သူ့အားကာကွယ်ပေးရန်ကြိုးပမ်းသည့်ကလေးနှစ်ယောက်အနက် တစ်ဦးကိုလည်ပင်းညှစ်ရန်ကြိုးစားခဲ့ကာ နောက်တစ်ယောက်ကိုရိုက်နှက်ခဲ့သည်ဟု အင်္ဂါနေ့ကစွဲချက်တင်ခဲ့သည့် ဂျိုလီ၏တရားစွဲဆိုချက်အပြီးတွင် ဘရက်ပစ်ထ်ရှေ့နေ၏ အဆိုပါထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ယခုစွဲချက်သည် ၎င်းတို့နှစ်ဦးပူးတွဲပိုင်ဆိုင်သည့် ပြင်သစ်ဝိုင်စက်ရုံနှင့်ပတ်သက်၍ တရားရေးဆိုင်ရာစစ်ဆေးမှုတွင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အက်ဖ်ဘီအိုင်နှင့် လော့ဆန်းဂျလိစ် ၏ကလေးနှင့်မိသားစုဝန်ဆောင်မှုဌာနတို့က စွပ်စွဲချက်အပေါ်စုံစမ်းစစ်ဆေးခဲ့သော်လည်း မင်းသားအားအရေးမယူရန် ဆုံးဖြတ်ခဲ့သည်။ယခုကိစ္စနှင့်ပတ်သက်၍  မင်းသမီးဂျိုလီ၏ ကိုယ်စားလှယ်ကတစ်စုံတစ်ရာပြောကြားခြင်းမရှိခဲ့ပေ။

ပစ်ထ်နှင့်ဂျိုလီတို့နှစ်ဦးလုံးသည် လေယာဉ်ပေါ်တွင်ဘာတွေဖြစ်ခဲ့သည်ဟူသောအချက်နှင့်ပတ်သက်၍ နှစ်ဦးလုံး၏နှုတ်မက လူသိရှင်ကြားထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။အဆိုပါဖြစ်ရပ်များဖြစ်ပွားချိန်တွင် ၎င်းတို့သည် လော့စ်ဆန်းဂျလိစ်သို့ သီးသန့်လေယာဉ်ဖြင့် ထွက်ခွာ‌ေနချိန်ဖြစ်သည်။

“ဘရက်ပစ်ထ်သည် ကလေးတစ်ဦးထံသို့ရိုက်ရန်ပြေးဝင်သွားသဖြင့် ဂျိုလီကနောက်ကသိုင်းဖက်ပြီးတားဆီးခဲ့ကြောင်း၊ထိုသို့ချုပ်ထားသည်ကိုမင်းသားကရုန်းလိုက်ပြီး လေယာဉ်ထိုင်ခုံပေါ်နောက်ပြန်လှဲချလိုက်သဖြင့် မင်းသမီး၏နောက်ကျောနှင့်တံတောင်ဆစ်တွင်ဒဏ်ရာရရှိခဲ့သည်” ဟု မင်းသမီးကအမှုဖွင့်စာတွင် ရေးသားတိုင်တန်းထားသည်။ကလေးများကဝင်တားရန်ကြိုးစားသဖြင့် မင်းသားဘရက်ပစ်ထ်သည် ကလေးတစ်ယောက်အားလည်ပင်းညှစ်ခဲ့ပြီး အခြားတစ်ယောက်၏မျက်နှာကိုလည်းရိုက်လိုက်ကြောင်း ဖော်ပြထားသည်။

နောက်ပိုင်းရက်များတွင် အက်ဖ်ဘီအိုင်ကစုံစမ်းစစ်ဆေးမှုများစတင်ခဲ့ပြီး မင်းသမီး၏တရားရုံးသို့နောက်ဆုံးတိုင်တန်းမှုသည် ယခင်ကပြုလုပ်ဖူးသည့်အလားတူတိုင်တန်းချက်အစီရင်ခံစာနှင့် ဆင်တူနေပြီး အချို့သောအချက်များကိုပြန်လည်ပြင်ဆင်ကာ လူသိရှင်ကြားပုံကြီးချဲ့ တိုင်တန်းခြင်းမျိုးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုအချိန်ကအခြေနေများကို FBI ဘက်က ပြန်လည်သုံးသပ်ခဲ့ပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်တော့မည်မဟုတ်ကြောင်းပြောကြားခဲ့ကာ ဖက်ဒရယ်အစိုးရရှေ့နေတွေက ရာဇဝတ်မှုအဖြစ် စွဲချက်တင်ခြင်းမျိုးမလုပ်ခဲ့တော့ကြောင်းဖော်ပြထားသည်။

အသက် ၅၈ နှစ်အရွယ်အော်စကာဆုရှင်မင်းသား ဘရက်ပစ်ထ်နှင့် အသက် ၄၇ နှစ်အရွယ်အော်စကာဆုရှင်သရုပ်ဆောင်နှင့်ဒါရိုက်တာ အင်ဂျလီနာဂျိုလီတို့သည် ၁၂ နှစ်တာကာလအတွင်း ဟောလိဝုဒ်၏အထင်ရှားဆုံးစုံတွဲများထဲတွင်ပါဝင်ခဲ့သည်။

၎င်းတို့သည် ၂၀၁၄ ခုနှစ်ကလက်ထပ်ခဲ့ကြပြီး ဆယ်စုနှစ်တစ်ခုကြာအောင်လက်တွဲဖော်များအဖြစ်နေခဲ့ကြသည်။ယခုမင်းသမီးတိုင်ထားသော ၂၀၁၆ ခုနှစ်လေယာဉ်ကိစ္စဖြစ်ပြီးချိန်တွင် အင်ဂျလီနာဂျိုလီဘက်က ကွာရှင်းခွင့်တောင်းဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တရားရုံးက တရားဝင်ကွာရှင်းပြီးကြောင်း အသိအမှတ်ပြုခဲ့သော်လည်း ယခုအထိပိုင်ဆိုင်မှုပြဿနာများဖြင့်အငြင်းပွားနေဆဲဖြစ်သည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here