မုံရွာတွင် ငွေထုတ်ယူပြီး ပြန်လာသည့် သားအမိနှစ်ဦးကို အမည်မသိလက်နက်ကိုင်များက သေနတ်၊ ဓားတို့ဖြင့် ပစ်ခတ်ထိုးခုတ်၍ ငွေကျပ်သိန်း ၅၀ အား လုယက်ယူဆောင်သွား

0
375

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီအချိန်၌ ငွေထုတ်ယူပြီး ပြန်လာသည့် သားအမိနှစ်ဦးကို အမည်မသိလက်နက်ကိုင်များက သေနတ်၊ ဓါးများဖြင့် ပစ်ခတ်ထိုးခုတ်၍ ငွေကျပ်သိန်း (၅၀) ကို လုယက်ယူဆောင်သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာနေ ဒေါ်စန်းမြင့် (၆၉)နှစ်နှင့် သားဖြစ်သူ ကိုသန်းလင်းကျော် (၃၃) နှစ်တို့သည် မုံရွာမြို့ရှိ ဧဝရတ် Wave Money ဆိုင်မှ ငွေကျပ်သိန်း (၅၀) အား သွားရောက်ထုတ်ယူပြီး မုံရွာ-အမြင့်ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ပြန်လာခဲ့ရာ နဂါးတွင်းကျေးရွာအနီးအရောက်တွင် အသင့်စောင့်နေသည့် အမည်မသိလက်နက်ကိုင် နှစ်ဦးက ဆိုင်ကယ်အား တားဆီးကာ ၎င်းတို့ နှစ်ဦးအား သေနတ်၊ ဓားတို့ဖြင့် ပစ်ခတ်ထိုးခုတ်၍ ငွေကျပ်သိန်း (၅၀) အား လုယက်ယူဆောင်သွားခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့လုပ်ရပ်ကြောင့် ဒေါ်စန်းမြင့် (၆၉)နှစ် (ဘ)ဦးကြည်တွင် ရင်ဘတ်ဝဲဘက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်နှင့် ၎င်း၏သားဖြစ်သူ ကိုသန်းလင်းကျော် (၃၃)နှစ် (ဘ)ဦးကျောက်ခဲတွင် လည်ပင်းဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာ ၅ ချက်၊ ဝဲပခုံးထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲနံဘေးထိုးသွင်းဒဏ်ရာ ၇ ချက်တို့ဖြင့် သေဆုံးသွားခဲ့သည်။

ပြစ်မှုကျူးလွန်သူများကို၊ ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here