အိမ်မဲမြို့နယ်တွင် ညအချိန် နေအိမ်ကို မိုးကြိုးပစ်ခံရ၍ လင်မယား (၂) ဦးသေဆုံး၊ (၃) နှစ်အရွယ် ကလေး တစ်ဦးကျန်ခဲ့ 

0
447

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် အောက်တို ဘာ (၈) ရက် နံနက်အစောပိုင်းက နေအိမ်တစ်လုံးအား မိုးကြိုးပစ်ခံရပြီး အိပ်ပျော်နေသည့် လင်မယား (၂) ဦး မိုးကြိုးထိမှန်သေဆုံးသွားကြောင်း သိရသည်။

အိမ်မဲမြို့နယ် ၊ ကွင်းကလေးကျေးရွာရှိ နေအိမ်တစ်လုံးမှာ အောက်တိုဘာ (၈) ရက် နံနက် (၂) နာရီခွဲ ဝန်းကျင်က မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်ပြီး နေအိမ်ပေါ်တွင် အိပ်ပျော်နေသည့် ကိုသန်းဇော်ဦး(ခ) ကျော်ကြီးနှင့် ဇနီး ဖြစ်သူတို့မှာ မိုးကြိုးထိမှန်ကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

” ကောင်လေးက တစ်ခါတည်းဆုံးသွားတာ။ သူ့အမျိုးသ မီးကတော့ ခုမနက်မှ ဆုံးတာပေါ့။ ရွာသစ်ဆေးရုံကို ပို့ပြီး ကုသေးတယ်” ဟု သက္ကယ်မောင် လူမှုကူညီရေး ပရဟိအဖွဲ့မှ ကိုထွန်းမင်းအောင်က ပေါ်ပြူလာနယူး(စ်)သို့ ပြောသည်။

အဆိုပါ မိုးကြိုးထိမှန် သေဆုံးသွားသည့် ကိုသန်းဇော်ဦးတို့ ဇနီးမောင်နှံတွင် (၃) နှစ်အရွယ် ကလေးငယ် တစ်ဦး ကျန်ခဲ့ပြီး အခင်းဖြစ်ညတွင် အဖိုးဖြစ်သူ၏ နေအိမ်၌ ရောက်ရှိနေသည့်အတွက် မိုးကြိုး ထိမှန်မှုမရှိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အဆိုပါ ကွင်းကလေး ကျေးရွာသည် အိမ်မဲ – မြောင်းမြ ကားလမ်း နံဘေးတွင် တည်ရှိသည့် ကျေးရွာဖြစ်ပြီး ယခု မိုးကြိုးပစ်ခံရသည့် နေအိမ်သည် ကျေးရွာအစွန် လယ်ကွင်းများအနီးတွင် မိသားစုဝင်များ သီးသန့်နေထိုင်ကသည့် ခြံဝန်းဖြစ်ကြောင်း ဟိရသည်။

” သူတို့က ပေါက်ကုန်းဘက်ထွက်တဲ့ ဘက်မှာ သီးသန့် စုနေကြတာ ။ စက်ကွင်း မလွတ်လို့ ထိတာဖြစ်မယ်။ ညက မိုးကြိုးတွေပစ် ၊ မိုးတွေချိန်းနဲ့ ဒီမနက်တော့ အဲဒီကလေးတွေ လင်မယား နှစ်ယောက်လုံးမိုးကြိုးပစ်ခံရတယ်လို့ကြားတာပေါ့” ဟု မိုးကြိုးပစ်ခံရသူများနှင့် နီးစပ်သည့် ဒေသခံ တစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် မိုးရာသီအတွင်း မြန်မာနိုင်ငံတွင် မိုးကြိုးပစ်ခံရ၍ ဧရာဝတီတိုင်းဒေသကြီးတွင် လူသေမှုအများဆုံးဖြစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင်လည်း မိုးကြိုးပစ်ခံရခြင်းကြောင့် လူသေမှု ဆယ်နှင့်ချီရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရခြင်းကြောင် လူ ၁၀၀ ကျော်သေဆုံးကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here