အမေရိကသည် မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှုအသစ်အနေဖြင့် စင်္ကာပူနှင့်မာရှယ်ကျွန်းစုအ‌ခြေစိုက်ကုမ္ပဏီများကို ပစ်မှတ်ထား

0
136

ဝါရှင်တန်၊အောက်တိုဘာ ၇

မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးကျည်ပစ်လွှတ်မှုအပြီး ပြုံယမ်း၏လက်နက်နှင့် ၎င်း၏စစ်တပ်ကို ထောက်ခံသည်ဟု ဝါရှင်တန်ကဆို‌သော လောင်စာဆီဝယ်ယူရေးကွန်ရက်အား ပစ်မှတ်ထားတိုက်ခိုက်သည့်အနေဖြင့် အောက်တိုဘာ ၇ ရက် သောကြာနေ့တွင် အမေရိကန်မှပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခဲ့သည်။

အဆိုပါပိတ်ဆို့မှုသည် စင်္ကာပူတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီနှစ်ခုနှင့် မာရှယ်ကျွန်းစုတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီတစ်ခုတို့ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဂျပန်နိုင်ငံကိုကျော်ပြီးပစ်လွှတ်မှု အပါအဝင် မြောက်ကိုရီးယား၏ တာဝေးပစ်ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ဆက်လက် လျစ်လျူရှုနေဆဲဖြစ်ကြောင်း ပြသနေပါသည်” ဟု အကြမ်းဖက်ဝါဒနှင့်ငွေကြေးဆိုင်ရာထောက်လှမ်းရေး လက်ထောက်အတွင်းရေးမှူးဘဏ္ဍာရေးဝန်ကြီးဘရိုင်ယန်နယ်လ်ဆင်၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

“အမေရိကန်သည် ဘက်ပေါင်းစုံမှ ပိတ်ဆို့အရေးယူမှုများကို ဆက်လက်ကျင့်သုံးမည်ဖြစ်ပြီး မြောက်ကိုရီးယားအား ပိတ်ဆို့အရေးယူခြင်းမှလွတ်ကင်းအောင် ကူညီပေးနေသည့်နိုင်ငံများကိုပါ ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်သည်” ဟု ဆိုခဲ့သည်။

မြောက်ကိုရီးယား၏ မကြာသေးမီက ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘောရောက်ရှိလာခြင်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးအပြီး၌ မြောက်ကိုရီးယားသည် တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဂျပန်သို့ဦးတည်လျက် ကြာသပတေးနေ့က ပင်လယ်ထဲသို့ထပ်မံပစ်လွှတ်ခဲ့သည်။‌

မြောက်ကိုရီးယားသည် အင်္ဂါနေ့ကဂျပန်နိုင်ငံကိုဖြတ်၍ တာလတ်ပစ်ဒုံးကျည် (IRBM) ပစ်လွှတ်ပြီးနောက်ပိုင်း ပထမဆုံးဖြစ်သည့် အဆိုပါဒုံးကျည်ပစ်လွှတ်မှုသည် ၁၂ ရက်အတွင်း ခြောက်ကြိမ်မြောက်ဖြစ်သည်။

စင်္ကာပူအခြေစိုက် Kwek Kee Seng, ထိုင်ဝမ်အခြေစိုက် Chen Shih Huan နှင့် မာရှယ်ကျွန်းစုမှတ်ပုံတင်ထားသော New Eastern Shipping ကုမ္ပဏီတို့အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီး ၎င်းကုမ္ပဏီများသည် မြောက်ကိုရီးယားသို့ သန့်စင်ပြီး ရေနံအများအပြား ပို့ဆောင်ရာတွင် ပါဝင်ခဲ့သည့်သင်္ဘော၏ ပိုင်ဆိုင်မှုနှင့်စီမံခန့်ခွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု ဘဏ္ဍာရေးဝန်ကြီးကပြောကြားခဲ့သည်။

စင်္ကာပူမှတ်ပုံတင်ထားသော Anfasar Trading Swanseas Port Services တို့ကိုလည်း ပိတ်ဆို့မှုတွင်ထည့်သွင်းသတ်မှတ်ခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here