အမေရိက၏စစ်ရေးခြိမ်းခြောက်မှုများအား ဆန့်ကျင်သည့်အနေဖြင့် ဒုံးကျည်စမ်းသပ်မှုများပြုလုပ်ခြင်းဖြစ်–မြောက်ကိုရီးယား

0
184

ဆိုးလ်၊အောက်တိုဘာ ၈

၎င်းတို့၏ဒုံးကျည်စမ်းသပ်မှုများသည် အမေရိက၏စစ်ရေး ခြိမ်းခြောက်မှုများမှ မိမိကိုယ်ကိုခုခံကာကွယ်ရန်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့်ဒေသတွင်း၏လုံခြုံရေးကို ထိခိုက်စေလိုခြင်းမရှိကြောင်း မြောက်ကိုရီးယားက အောက်တိုဘာလ ၈ ရက် တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် အင်္ဂါနေ့ကဂျပန်နိုင်ငံကိုဖြတ်၍ပစ်လွှတ်ခဲ့သော တာလတ်ပစ်ဒုံးကျည်တစ်စင်းအပါအဝင် ယခုအထိ ၁၂ ရက်အတွင်း ဒုံးကျည်ခြောက်စင်းပစ်လွှတ်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ဒုံးကျည်စမ်းသပ်မှုက ကျွန်တော်တို့နိုင်ငံရဲ့လုံခြုံရေးနဲ့ဒေသတွင်းငြိမ်းချမ်းရေးကို အမေရိကရဲ့စစ်ရေးခြိမ်းခြောက်မှုတွေကနေ တိုက်ရိုက်ကာကွယ်ပေးနိုင်ဖို့ စီစဉ်လုပ်ဆောင်နေတဲ့ ပုံမှန်ခုခံကာကွယ်ရေးစီမံချက်တစ်ခုပဲဖြစ်ပါတယ်” ဟုမြို့ပြ လေကြောင်းအုပ်ချုပ်ရေးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ပြောကြားချက်ကိုကိုးကား၍ နိုင်ငံပိုင်မီဒီယာ KCNA ကဖော်ပြခဲ့သည်။

ယခုဒုံးကျည်စမ်းသပ်မှုသည် မြို့ပြလေကြောင်းလုံခြုံရေးအပြင် အိမ်နီးချင်းနိုင်ငံများနှင့်ဒေသတွင်း၏ဘေးကင်းလုံခြုံရေးကို အပြည့်အဝထည့်သွင်းစဉ်းစားခြင်းသာဖြစ်ပြီး ခြိမ်းခြောက်မှုနှင့်ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်စေလိုခြင်းမရှိကြောင်းလည်း ၎င်းကဆိုခဲ့သည်။

မြောက်ကိုရီးယား၏ဒုံးကျည်ပစ်လွှတ်မှုသည် နိုင်ငံတကာ မြို့ပြလေကြောင်းဘေးကင်းရေးအတွက် ဆိုးရွားသော အန္တရာယ်ကိုဖြစ်ပေါ်စေသည်ဟု နိုင်ငံတကာမြို့ပြလေကြောင်းအဖွဲ့အစည်းကောင်စီကရှုံ့ချခဲ့မှုအပေါ် ယခုပြောကြားချက်ဖြင့် KCNA မှတစ်ဆင့်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနသည် နျူကလီးယားစွမ်းအင်သုံး အမေရိကန်လေယာဉ်တင်သင်္ဘော USS Ronald Reagan ပါဝင်သည့် အမေရိကန် – တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ လက်ရှိအခြေအနေအားပြင်းပြင်းထန်ထန်ရှုမြင်လျက် အလွန်စိုးရိမ်စရာကောင်းကြောင်း KCNA ၏သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ဗုံးကြဲလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် ဆိုးလ်ကတိုက်လေယာဉ်များ အရေးပေါ်တက်ခဲ့ရပြီးတစ်ရက်အကြာတွင် အမေရိကနှင့်တောင်ကိုရီးယားတို့သည် ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှုကို သောကြာနေ့ကပြုလုပ်ခဲ့သည်။

ထို့အပြင်မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အမေရိကဘက်မှလည်း ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များကို သောကြာနေ့ကကြေငြာခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here