ရှေးဟောင်းသမိုင်းဝင် ရွှေနန်းသွင်းစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်ညက ဆီမီး ၃၀၀၀ ထွန်းညှိပူဇော်ခဲ့

0
262

နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊ရာဇဌာနီလမ်းမကြီးဘေး လက်လုပ်တောင်ရှိ ရှေးဟောင်းသမိုင်း ဝင် ရွှေနန်းသွင်းစေတီတော်မြတ်ကြီးအား အောက်တိုဘာ ၉ ရက်(သီတင်းကျွတ်လပြည့်နေ့- အဘိဓမ္မာအခါတော်နေ့)ညပိုင်းက ဆီမီး ၃၀၀၀ ထွန်းညှိပူဇော်ခဲ့ကြသည်။

ဆုလာဘ်ပိုင် မိသားစုမှကြီးမှူး၍ စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ ဆီမီး ၃၀၀၀ ထွန်းညှိပူ ဇော်၍ ပန်း၊ရေချမ်းတို့ကိုလည်း ကပ်လှူပူဇော်ခဲ့ကြခြင်းဖြစ်သည်။

“မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးတရားကျင့်ကြံတော်မူခဲ့တဲ့ လက်လုပ်တောင်မှာရှိတဲ့ ရွှေနန်းသွင်းစေတီတော်မြတ်ကြီးမှာ ဆီမီးထွန်းညှိပူဇော်ပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့မွေးနေ့အ ထိမ်းအမှတ် ဆရာတော်ကြီးရဲ့သက်တော်အတိုင်း မီးပုံးအလုံးရေ ၈၀ ကျော်ကိုလည်း လွှတ်တင်ခဲ့ပါတယ်”ဟု ဆုလာဘ်ပိုင် မိသားစုမှ ကိုအောင်ဘိုဘိုကပြောသည်။

ဆီမီးများထွန်းညှိပူဇော်ခြင်းအပြင် ည ၆ နာရီခွဲ၌ ရောက်ရှိလာသူများစုပေါင်း၍ ခင်ပွန်းကြီး ၁၀ ပါးကန်တော့ခြင်း၊မဟာသမယသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ပရိတ်၊ပဌာန်းများရွတ်ဆိုပွားများခြင်းတို့ကိုလည်း စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ကုသိုလ်ယူပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ခင်ပွန်းကြီး ၁၀ ပါးကန်တော့ပွဲကို ကျွန်တော်တို့မိသားစုကဦးဆောင်ပြီး အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ည ၆ နာရီကနေ ၈ နာရီအထိ စုပေါင်းပြီး ကန်တော့ကြတယ် နေပြည်တော်မှာတာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေ အနီးနားကလူတွေလာပြီးကန်တော့ကြတယ် ဒီနေ့မှာလည်း လူဦးရေ ၃၀၀ လောက်က ခင်ပွန်းကြီး ၁၀ ပါးကန်တော့တယ် မဟာသမယသုတ်ရွတ်ပွားပူဇော်ခဲ့ကြပါတယ်”ဟု ဆုလာဘ်ပိုင်မိသားစုမှ ကိုအောင်ဘိုဘိုကပြောသည်။

ထို့ပြင် ဆုလာဘ်ပိုင်မိသားစုမှ စေတီတော်မြတ်ကြီးသို့လာရောက်ဖူးမြှော်သူများအား ညနေ ၅ နာရီမှစတင်၍ ကောက်ညှင်းပေါင်း၊အကြော်နှင့်လဘက်ရည်တို့ကို လှူဒါန်းကျွေးမွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here