ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသားတစ်ဦး တုတ်ဖြင့်ရိုက်ခံရပြီး ဓားဖြင့်ပါခုတ်ခံရ

0
307

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၇ လမ်း၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြား၌ အောက်တိုဘာ ၉ ရက်ညနေပိုင်းက အမျိုးသားတစ်ဦး တုတ်ဖြင့်ရိုက်ဓားဖြင့်ခုတ်ခံခဲ့ရကြောင်း ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။

ယင်းနေ့ညနေ ၅ နာရီခွဲခန့်က ၁၂၇ လမ်း၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြားတွင် အမျိုးသားတစ်ဦး ဓားခုတ်ခံထားရသည့်ဒဏ်ရာဖြင့် မှောက်လျက်လဲကျနေကြောင်း သတင်းအရ ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းက သွားရောက်ကူညီခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ အသက်(၅၀)နှစ်ကျော်ခန့်ရှိ အမျိုးသားတစ်ဦးသည် တုတ်ဖြင့်ရိုက် ဦးခေါင်းနောက်စေ့ဓားခုတ်ခံရသည့် ဒဏ်ရာများဖြင့်လဲကျနေသဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဆေးရုံကြီးကိုပို့ပေးတယ် မိသားစုနဲ့လည်း အခုချိန်အထိ အဆက်အသွယ်မရသေးပါဘူး သတိကတော့ရနေတယ် ဘာမှမေးလို့မရဘူး ကျွန်တော်တို့ကမေးတာတစ်ခုဆိုရင် သူကဖြေချင်ရာဖြေတယ် သူ့အိတ်ထဲမှာ ကျောက်ကြည့်ဓာတ်မီးပါတယ် လတ်တလောသူ့ကိုမေးလို့ရတာက မဟာအောင်မြေမြို့နယ်မှာနေတယ်ဆိုတာပဲသိရသေးတယ်”ဟု ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်း ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးမှ ဓားခုတ်ခံထားရသည့် ဒဏ်ရာအား ၁၁ ချက်ချုပ်ပေးခဲ့ရပြီး ဒဏ် ရာရရှိသူသည် မိသားစုဝင်များနှင့်အဆက်အ သွယ်မရသဖြင့် ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ ၎င်းတို့၏အသင်းရုံးသို့ ပြန်လည်ခေါ်ဆောင်လာပြီး စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

“လူနာကို သောက်ဆေး ထိုးဆေးတွေနဲ့လိုအပ်တာတွေလုပ်ပေးပြီးတော့ အသင်းရုံးကိုပြန်ခေါ်လာခဲ့တယ် မိသားစုနဲ့အဆက်အသွယ်ပြန်ရရင်တော့ ပြန်ထည့်ပေးလိုက်မှာပါ”ဟု ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here