ခရိုင်မီးယား တံတားပေါက်ကွဲမှုမှာ ယူကရိန်း၏ လုပ်ရပ်ဟု ပူတင် စွပ်စွဲ

0
322

ကိယက်ဗ်၊ အောက်တိုဘာ ၁၀

ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာလ ၁၀ ရက် တနင်္လာနေ့တွင် ၎င်း၏ လုံခြုံရေးကောင်စီအစည်းအဝေးကို ကျင်းပရန် ပြင်ဆင်နေချိန်၌ ရုရှားနှင့် ခရိုင်မီးယားကို ဆက်သွယ်ထားသည့် အဓိကတံတား ပေါက်ကွဲမှုဖြစ်စဉ်မှာ ယူကရိန်း၏ လုပ်ရပ်ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

“သံသယဖြစ်စရာ မရှိပါဘူး။ ဒါဟာ အရေးကြီးတဲ့ အရပ်သား အခြေခံ အဆောက်အဦတွေကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်တဲ့ အကြမ်းဖက် လုပ်ရပ်ပဲ၊ ယူကရိန်း အထူး‌ေထာက်လှမ်း‌ေရးတွေက သေသေချာချာကို အစီအစဉ်ချပြီး အမိန့်ပေးလုပ်ဆောင်ခဲ့တာပါ” ဟု ရုရှားသမ္မတ ပူတင်က ကရင်မလင်၏ တယ်လီဂရမ် ချန်နယ်ရှိ ဗီဒီယိုတစ်ခုတွင် တနင်္ဂနွေနေ့ (မနေ့)က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေး ကော်မတီ အကြီးအကဲ အလက်ဇန္ဒား ဘေ့စ်ထရီကင် သည် တနင်္ဂနွေနေ့တွင် ပူတင်နှင့် တွေ့ဆုံခဲ့ပြီး ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းခဲ့သည့် စုံစမ်းရေး အဖွဲ့၏ တွေ့ရှိချက်များကို တင်ပြခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပေါ်စေခဲ့သည့် အဆိုပါယာဉ်မှာ ခရိုင်မီးယားတံတားသို့ မရောက်မီ ဘူလ်ဂေးရီးယား၊ ဂျော်ဂျီယာ၊ အာမေးနီးယား၊ မြောက် အားဆီးရှီရာနှင့် ရုရှားနိုင်ငံ ကရက်စ်နာဒါ ဒေသတို့ကို ဖြတ်သန်းသွားခဲ့သည်ဟု ဘေ့စ်ထရီကင် ကဆိုသည်။

ယူကရိန်း အထူး ထောက်လှမ်းရေး များက ပြုလုပ်ခဲ့သော ထိုပေါက်ကွဲမှုကို ဖြစ်မြောက်အောင် ကူညီခဲ့သူများတွင် ပြည်ပမှ နိုင်ငံခြားသားများအပြင် ရုရှားနိုင်ငံသားများလည်း ပါဝင်ခဲ့ကြောင်း ကရင်မလင်၏ တယ်လီဂရမ် ချန်နယ်ရှိ ဗီဒီယိုတွင် ဘေ့စ်ထရီကင်က ထည့်သွင်းပြောကြားခဲ့သည်။

“ရုရှားကတော့ ဒီရာဇဝတ်မှုကို ကမ္ဘာတဝန်းက ကျင့်သုံးနေတဲ့ ထုံးတမ်းအတိုင်း အကြမ်းဖက်သမားတွေကို တိုက်ရိုက် အဆုံးစီရင်ခြင်းဖြင့်သာ တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံသားတွေလဲ ဒီလိုပဲမျှော်လင့်ထားပါတယ်” ဟု နိုင်ငံ့လုံခြုံရေးကောင်စီ ဒုတိယဥက္ကဌ ဒီမီထရီ မက်ဗဲဒက်၏ ပြောကြားချက်ကို နိုင်ငံပိုင်သတင်းဌာန တက်စ်က ကိုးကား၍ ဖော်ပြထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here